ကယ်လီဖိုးနီးယား၌ ရေကြီးမြေပြိုမှုကြောင့် လူ ၈ဦးထက်မနည်းသေဆုံး

ကယ်လီဖိုးနီးယား၌ ရေကြီးမြေပြိုမှုကြောင့် လူ ၈ဦးထက်မနည်းသေဆုံး

 

လော့စ်အိန်ဂျယ်လိစ်၊ ဇန်နဝါရီ ၁၀ ။                  ။ ကယ်လီဖိုးနီးယားပြည်နယ် အနောက်တောင်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမြေပြိုမှုများ ဖြစ်ပွားခဲ့ပြီး လူပေါင်း ၈ ဦးထက်မနည်း အင်္ဂါနေ့က သေဆုံးခဲ့ကြောင်းတာဝန်ရှိသူများက ပြောဆိုခဲ့သည်။

ယင်းဒေသသည် ပြီးခဲ့သောဒီဇင်ဘာလက တောမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သော ဒေသဖြစ်ပြီး ယခုအခါတွင် ရေကြီးမှုများနှင့် မြေပြိုမှုများကို ကြံုတွေ့နေရသည်။

လော့စ်အိန်ဂျယ်လိစ် အနောက်မြောက်ပိုင်းတွင်လည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရွှံ့နွံများနှင့် အမှိုက် သရိုက်များ မျောပါစီးဆင်းနေပြီး နေအိမ်များ ထိခိုက်ပျက်စီးခဲ့သည်။

ဒါ့အပြင် လူ ၈ဦး၏အလောင်းကို မွန်တီစီတိုကမ်းရိုးတန်းမြို့အနီးရှိ  ရွှံ့နွံအတွင်း၌ ရှာဖွေတွေ့ရှိခဲ့ကြောင်း ကောင်တီအရာရှိ ကယ်လီဟူးဗာက လော့စ်အိန်ဂျယ်လိစ်တိုင်းမ် သတင်းစာသို့ ပြောကြားခဲ့သည်။

ကောင်တီအတွင်းရှိ မီးသတ်ဌာနမှပြောရေးဆိုခွင့်ရှိသူ မိုက်ခ်အီလီယာဆန်၏ အဆိုအရ နေအိမ်ပေါင်း ၃ လုံး ထက်မနည်း ရေထဲသို့မျောပါသွားခဲ့ကြောင်း သိရသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အာဏာပိုင်များက အဝေးပြေးလမ်းမကြီးများ ပိတ်ထားရန်နှင့် ထောင်နှင့်ချီ သော ပြည်သူများကို အရေးပေါ်နေရာပြောင်းရွှေ့ပေးရန်၊ ကယ်ဆယ်ရေးများ လုပ်ဆောင်ကြရန် ညွန်ကြား ထားခဲ့ရသည်။

မကြာသေးခင်က တောမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သော မွန်တီစီတိုနှင့် ကာပင်တာရီယာမြို့တို့၌ အရေးပေါ် နေရာပြောင်းရွှေ့ရန် ကြေညာချက်ထုတ်ပြန်ထားကြောင်း တာဝန်ရှိသူများက ပြောဆိုခဲ့သည်။

ကယ်လီဖိုးနီးယားပြည်နယ်ထဲ၌ မကြာသေးခင်က လောင်ကျွမ်းခဲ့သောတောမီးကြောင့် လူပေါင်း ၄၄ဦးသေဆုံး ခဲ့ပြီး နေအိမ်နှင့်အဆောက်အဦးပေါင်း ၈၉၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ရသည်။

ပြီးခဲ့သောနှစ်က ကယ်လီဖိုးနီးယားပြည်နယ်၌ မိုးခေါင်ခဲ့ပြီး အလွန်ခြောက်သွေ့သော ရာသီဥတုအခြေအနေနှင့် ပြင်းထန်သောလေတိုက်နှုန်းတို့ကြောင့် ကြီးမားသော တောမီးလောင်ကျွမ်းမှုများ ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags