အမ်စတာဒမ် - ပါရီ ရထားပေါ်သေနတ်သမား တစ်ဦးက အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်

အမ်စတာဒမ် - ပါရီ ရထားပေါ်သေနတ်သမား တစ်ဦးက အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်

အာရက်စ်၊ သြဂုတ် ၂၂ ။          ။ သြဂုတ် ၂၁က နယ်သာလန်နိုင်ငံ၏ မြို့တော် အမ်စတာဒမ်မှ ပြင်သစ်နိုင်ငံ ပါရီမြို့သို့သွားသည့် မြန်နှုန်းမြင့်ရထားတစ်စင်းပေါ်တွင် လက်နက်များကိုင်ဆောင်ထားသည့် အမျိုးသားတစ်ဦးက အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အနည်းဆုံးလူနှစ်ဦး ဒဏ်ရာရရှိခဲ့သော်လည်း အမေရိကန်ခရီးသည်နှစ်ဦးက ၎င်းအကြမ်းဖက်သမားကို ထိန်းချုပ်နိုင်ခဲ့သည်။

အကြမ်းဖက်တိုက်ဖျက်ရေး စုံးစမ်းစစ်ဆေးရေးမှူးများကို စစ်ဆေးမှုစတင်နေပြီဖြစ်သော်လည်း ပစ်ခတ်ခြင်း၏ စေ့ဆော်မှုကို ချက်ချင်းမသိရသေးပေ။ ၎င်းပစ်ခတ်သူကို ပြင်သစ်မြောက်ပိုင်းရှိ ရထားဘူတာရုံ တစ်ခုတွင် ချုပ်နှောင်ထားသည်။ ၎င်းမှာ အသက် ၂၆ နှစ်အရွယ်ရှိပြီး မော်ရိုကိုမှ သို့မဟုတ် မော်ရိုကိုနွယ်ဖွားအဖြစ် ထောက်လှမ်းရေးတပ်ဖွဲ့ဝင်များက သိရှိထားသည်ဟုပြင်သစ် စုံစမ်းစစ်ဆေးရေးမှူးများ ကပြောသည်။

ဇန်နဝါရီလက မြို့တော်ပါရီတွင် အစ္စလာမ္မစ်သေနတ်သမားများ၏ လက်ချက်ကြောင့် လူ၁၇ ဦးသေဆုံးပြီးကတည်းက ပြင်သစ်သည် အကြမ်းဖက်တိုက်ခိုက်ခံရမည်ကို စိုးရိမ်နေရသည်။

အကြမ်းဖက်တိုက်ခိုက်မှုကို ရှုတ်ချကြောင်း ဘယ်လ်ဂျီယန်ဝန်ကြီးချုပ် ချားလ်စ်မစ်ချဲလ်က တွစ်တာမှ ပြောသည်။ ပစ်ခတ်မှုမှာ ဘယ်လ်ဂျီယန်နယ်မြေပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

စုံစမ်းစစ်ဆေးရေးမှူးများထံမှ ရရှိသော ကနဦးသတင်းအချက်အလက်များအရ သေနတ်သမားကို ထိန်းချုပ်ခဲ့သော အမျိုးသားနှစ်ဦးမှာ အမေရိကန်စစ်သားများဖြစ်ပြီး ၎င်းတို့က သေနတ်သမားဖြစ်သူ အိမ်သာထဲတွင် ကျည်ထိုးသံကို ကောင်းစွာကြားခဲ့သည်ဆိုသည်။ ထို့နောက် သေနတ်သမားထွက်လာသည်နှင့် ထိပ်တိုက်ရင်ဆိုင်တော့သည်ဆိုသည်။

ခရီးသည် ၅၄၄ဦးတင်လာသည့် TGV ရထား ပြင်သစ်မြို့ အာရက်စ်ရှိ ဘူတာသို့ရောက်သည်နှင့် သေနတ်သမားကို ဖမ်းဆီးလိုက်တော့သည်ဟု ပြင်သစ်နိုင်ငံပိုင်ရထားကုမ္ပဏီ SNCF မှပြောခွင့်ရ ပုဂ္ဂိုလ် တစ်ဦးကအေအက်ဖ်ပီ သို့ပြောကြားသည်။

သေနတ်သမားသည် ၎င်း၏လက်ဆွဲအိတ်အတွင်း လက်နက်အချို့ယူဆောင်လာခဲ့ပြီး အိတ်အတွင်း ကာလက်ရှ်နီကော့ဗ်ရိုင်ဖယ်တစ်လက်၊ မောင်းပြန်ပစ္စတိုတစ်လက်နှင့် သင်တုံးဓါးများပါသည်ဟု ရဲတပ်ဖွဲ့ သတင်းရင်းမြစ်တစ်ဦးက အေအက်ဖ်ပီသို့ ပြောသည်။ ဓါးစာခံတစ်ဦးမှာ သေနတ်မှန်ခဲ့သော်လည်း အသက်အန္တရာယ်မစိုးရိမ်ရဟု သိရသည်။

ဒုတိယဓါးစာခံတစ်ဦးမှာ သေတ္တာဖြတ်သည့်အရာကြောင့် တံတောင်ဆစ်တွင် ပြတ်ရှဒဏ်ရာများရရှိခဲ့သည်။ အမေရိကန်တစ်ဦးနှင့် ဗြိတိန်တစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည်ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly