၀န်ကြီးချုပ်နှင့် ၀န်ကြီး အချို့ပြောင်းလဲ ခန့်အပ်မည်ဟုဆို

၀န်ကြီးချုပ်နှင့် ၀န်ကြီး အချို့ပြောင်းလဲ ခန့်အပ်မည်ဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၉ ။       ။ ပြည်နယ်နှင့်တိုင်းဒေသကြီး ၀န်ကြီးချုပ်အချို့အပါအဝင် ၀န်ကြီးအချို့ကို ပြောင်းလဲခန့်အပ်ရန် အစိုးရမှ စီစဉ်ဆောင်ရွက်နေသည်ဟုကြားသိရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင် အတွင်းရေးမှူး ဦးဉာဏ်ဝင်းကပြောသည်။

သို့သော်မည်သည့် အချိန်တွင် မည်သည့် ရာထူးနေရာများကို ပြောင်းလဲခန့်အပ်မည်ကို ၄င်းအနေဖြင့် ပြောခွင့်မရှိသည့်အပြင် ရာထူးနေရာအပြောင်း အလဲကို ပါတီဘက်မှဆောင်ရွက်ခြင်းမဟုတ်ကြောင်း ၄င်းကဆိုသည်။

“ ကောလဟာလတွေသတင်းတွေ မမှန်ပါဘူး။ ဒါပေမယ့် သတင်းအမှန်ဘာလဲဆိုတာ ကျွန်တော်လည်းပြောခွင့်မရှိပါဘူးခင်ဗျ။ နောက်ပြီး ဒီကိစ္စဟာ ပါတီရဲ့ကိစ္စမဟုတ်ပါဘူး။ အစိုးရအဖွဲ့ရဲ့ကိစ္စပါ။ အတည်ပြုလို့တော့မရဘူး အဲ့ဒီ့ဟာ  (ဧရာဝတီတိုင်း ၀န်ကြီးချုပ်နေရာ) ပါတယ်တယ်လို့တော့ ကြားတယ် “ ဟု ဦးဉာဏ်ဝင်းကပြောသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧရာဝတီတိုင်း ၀န်ကြီးချုပ် နေရာအပြောင်းအလဲပြုလုပ်မည်ဟု ကောလဟာလ ထွက်ပေါ်နေခြင်းကြောင့် မဇ္စျိမမှ ဆက်သွယ် မေးမြန်းစဉ် ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါကောလဟာများနှင့် ပက်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကလည်း “ လက်ရှိအချိန်တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြေညာစာ တစ်ခုမှ ထုတ်ပြန်ခြင်း မရှိသေးပါ” ဟု လူမှုကွန်ယက်မှတစ်ဆင့် ထုတ်ပြန်ပြောဆိုခဲ့သည်။

လတ်တလောတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အလုပ်သမား၊လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ကြီး ဦးနေမျိုးကျော်နှင့် လယ်ယာစိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးစိုးမြင့် တို့နှစ်ဦးတို့သည် ဇန်နဝါရီ ၅ရက်နေ့က မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ နှုတ်ထွက်စာ တင်ထားကြောင်းသိရသည်။

ထို့အပြင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်သည်လည်း ရခိုင်ပြည်နယ်လွှတ်တော်မှ ပေးအပ်သောတာဝန်များကို ဆက်လက်ထမ်းဆောင်ရန်မသင့်ဟု မဲခွဲဆုံးဖြတ်ခြင်းကို ခံထားရသည်။

သို့သော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင် အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ရာထူးအပြောင်းအလဲများကို အစိုးရအဖွဲ့မှပြုလုပ်ခြင်း ဖြစ်သောကြောင့် အစိုးရထုတ်ပြန်မှသာ အတည်ဖြစ်မည်ဟုပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly