မသန်စွမ်းသူများ အလုပ်ကိုင်အခွင့်အလမ်းအတွက် ကုမ္ပဏီများမှ ဦးစားပေး အလုပ်ခေါ်ယူမှုရှိနေ

မသန်စွမ်းသူများ အလုပ်ကိုင်အခွင့်အလမ်းအတွက် ကုမ္ပဏီများမှ ဦးစားပေး အလုပ်ခေါ်ယူမှုရှိနေ

 

ရန်ကုန်၊ဇန်နဝါရီ ၉ ။             ။ မသန်စွမ်းသူများအသင်းချုပ်နှင့် ကုမ္ပဏီများပူးပေါင်းကာ မသန်စွမ်းသူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်   ဆောင်ရွက်ပေးနေကြောင်း   မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်၏ဥက္ကဋ္ဌ ဦးအောင်ကိုမြင့်က ပြောသည်။

အလုပ်ခေါ်ယူလိုသည့်ကုမ္ပဏီများမှာ မသန်စွမ်းသူများအသင်းချုပ်သို့ လာရောက်ဆက်သွယ်ကြပြီး မသန်စွမ်းသူများအသင်းချုပ်မှ ပြန်လည်ကြေငြာပေးနေခြင်းဖြစ်သည်။

“အဓိကကအလုပ်အကိုင်ရရှိဖို့တစ်ခုတည်းမကဘူး။ အမျိုးသားကော်မတီရဲ့လုပ်ငန်းစဉ်တွေစလုပ်တယ် ။ အလုပ်ကိုင်အခွင့်လမ်းတစ်ခုတည်း မကဘဲနဲ့ ပညာသင်ယူခွင့် တန်းတူအခွင့်ရေးရဖို့တို့ မသန်စွမ်းမှတ်ပုံတင်ခြင်းတို့ အဲဒါတွေစီစဉ်နေတယ်”ဟု မသန်စွမ်းသူများအသင်းချုပ်၏ဥက္ကဋ္ဌ ဦးအောင်ကိုမြင့်က ပြောသည်။

ကုမ္ပဏီအနေဖြင့် ဘဏ်လုပ်ငန်းအပါအဝင် အခြားသော စီးပွားရေးလုပ်ငန်းများမှ မသန်စွမ်းသူများအတွက် အလုပ်ကိုင်အခွင့်လမ်းများ ခေါ်ယူခဲ့သည်များရှိသည်ဟု ဦးအောင်ကိုမြင့်က ဆိုသည်။

ယခင်က မသန်စွမ်းသူများကို အလုပ်ကိုင်ခေါ်ယူရာတွင် ခွဲခြားဆက်ဆံမှုများရှိခဲ့သော်လည်း ယခုအခါ မသန်စွမ်းသူများအတွက် ရည်ရွယ်၍ အလုပ်ကိုင်အခွင့်အလမ်းများ ခေါ်ယူနေမှုအပေါ် “နားလည်မှုရှိတဲ့အဖွဲ့အစည်းတွေတိုးတက်လာတယ်လို့ပဲပြောရမှာပေါ့”ဟု ဦးအောင်ကိုမြင့်က ပြောသည်။

မသန်စွမ်းသူများ အလုပ်အကိုင်အခွင့်အလမ်းများကို မြန်မာနိုင်ငံမသန်စွမ်းအသင်းချုပ်၏ လူမှုကွန်ယက်စာမျက်နှာ ဖေ့စ်ဘွတ်စ်တွင် ပြန်လည်ကြေငြာပေးနေပြီး လက်ရှိအချိန်တွင် ကုမ္ပဏီနှစ်ခုမှ အလုပ်အကိုင်များ ကမ်းလှမ်းထားသည်။

ယခု ဇန်နဝါရီလ ၁၉ရက်နေ့နောက်ဆုံးထား၍ ဧည့်ကြို(၁)ဦး၊ ကွန်ပျုတာစာစီစာရိုက်(၂)ဦး၊ လက်ထောက်စာရင်းကိုင်(၁)ဦး၊ ငွေကိုင်(၁)ဦး တို့ကို ကုမ္ပဏီတစ်ခုမှ ခေါ်ယူနေသည်။

ထို့အပြင် ဇန်နဝါရီ ၂၀ရက်နေ့နောက်ဆုံးထားကာ Star Moe Yan Group of Companies၏ ထီလုပ်ငန်းအတွက် ထီလက်မှတ်ထုတ်ပိုးသူ၊ တယ်လီဖုန်းဖြေကြားသူ၊ အရောင်းဝန်ထမ်း၊ ကွန်ပျုတာကျွမ်းကျင်သူ စသည့်ရာထူးများအတွက် နေ့စားနှင့် လခစားဝန်ထမ်းအဖြစ် အသက်(၁၈)မှ (၃၅)နှစ်အတွင်းရှိသူများ လျောက်ထားနိုင်သည်ဟု ဖော်ပြထားသည်။

ထီလက်မှတ်ထုတ်ပိုးသူနေရာအတွက် အနိမ့်ဆုံး အခြေခံပညာ အလယ်တန်းအဆင့်ရှိရမည်ဟု ရေးသားထားပြီး လခစားဝန်ထမ်းများအား အကြို၊အပို့ လုပ်ပေးမည်ဖြစ်သည်။

အလုပ်လျောက်ထားလိုသူများအနေဖြင့် ကိုယ်ရေးအကျဉ်း၊ အလုပ်သမားကတ်မိတ္တူ၊ အကျင့်စာရိတ္တကောင်းမွန်ကြောင်းထောက်ခံစာ၊ မှတ်ပုံတင်မိတ္တူများဖြင့် ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းရှိ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်ရုံး အမှတ်(၁၃၁)သို့ ပေးပို့လျောက်ထားနိုင်ကြောင်း ဖော်ပြထားသည်။

၂၀၁၄ သန်ခေါင်းစာရင်းအရ မြန်မာနိုင်ငံတွင် မသန်စွမ်းသူဦးရေ ၂၃ သိန်း ခန့် ရှိနေသည်။ ၎င်းတို့ထဲ၌ အလုပ်ကိုင်မရရှိသည့် မသန်စွမ်းဦးရေမှာ ၈၅ ရာခိုင်နူန်းဖြစ်နေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly