၂၀၁၇ မြန်မာ ့ရုပ်ရှင်ထူးချွန်ဆုအတွက် မြန်မာရုပ်ရှင် ၅၃ ကားကို စတင်စစ်ဆေးကြည့်ရှုနေ

၂၀၁၇ မြန်မာ ့ရုပ်ရှင်ထူးချွန်ဆုအတွက် မြန်မာရုပ်ရှင် ၅၃ ကားကို စတင်စစ်ဆေးကြည့်ရှုနေ

 

ရန်ကုန် ၊ ဇန်နဝါရီ ၁၀ ။          ။  မတ်လတွင် ကျင်းပမည့် ၂၀၁၇ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲအတွက် ဇာတ်ကားပေါင်း ၅၃ ကားကို မြန်မာ့ရုပ်ရှင် ထူးချွန်ဆု စီစစ်ရေးကော်မတီများမှ ဇန်နဝါရီ ၈ရက်မှ စတင်ပြီး ဇာတ်ကားများကို စတင်ကြည့်ရှု စစ်ဆေးနေပြီ ဖြစ်သည်။

၂၀၁၇ ခုနှစ်အတွင်း မြန်မာရုပ်ရှင်ဇာတ်ကား ၅၃ ကား ရုံတင်ခဲ့ပြီး"   တီတီ နဲ့ ဒိုးနတ် ၊ ချန်ပီယံလေး ၊ ဘယ်ရည်းစားကို အချစ်ဆုံးလဲ ၊ ဟန်းနီး မွန်း ၊  ကြီးကြီးကျယ်ကျယ် ၊  သားဘီလူး ၊ ငါ့အကယ်ဒမီ ၊  မာယာစတိုင် ၊ ကွမ်းလုံရက် ၄၀ ၊ ပထမထပ်ဟန်းနီးမွန်း ၊ ဂျံုးဂျံုးဂျက်ဂျက် ၊  ကြိုးဖြင့်ချည်ထားသောဗာရာဏသီ ၊   ခေါက်ထီးကလေးမလုံ့တလုံ ၊   အရွယ်သုံးပါးချစ်တတ်သည် ၊ လူများကိုခြောက်လှန့်ရန်တစ္ဆေတစ်ကောင်အလိုရှိသည် ၊ ချိုမြိန်သောလက်စားချေခြင်း ၊ အမှောင်မှာရွာချတဲ့မိုးတိမ် ( ကျွန် ) ၊   နေဝင်အိပ်တန်းတက် ၊   ဝိညာဉ်ကကြိုး ၊   သူငယ် ၊ ကပ္ပိယ ၊ အော်ရီဂျင်နယ် ဂန်းစတား ၂ ၊ သူငယ်ချင်းယောက္ခမ(၂)  ၊  ဘုန်းကညာနှစ်ပါး ၊ ည ၊  ကြောက် ကြောက် ကြောက် ၊ ရာဇဝင် ရိုင်းသူများ ၊ ပွဲခံမယ် ၊  သိုက်ကလာတယ်စကားမပြောဘူး ၊   ဆယ်လီ ၊ ဖက်ရှင် ၊ နေခြည်မှာရွှေရည်လောင်း ၊ သရာစောထိ ၊  ဒီမိုရပ်ကွက် ၊ တိမ်ပြာသောနေ ့၊ ကြီးမြတ်သောမြန်မာ ၊ ထဘီကျွတ်၍ လွှတ်လိုက်သည် ၊ ဇွတ်ကျား ၊   အောင်စေပိုင်စေ ၊   ပရိုဂျူဆာမကြီးစိုး  ၊ အော်တိုဘုရင် ၊ ရင်ဘတ်ထဲကဓား ၊ မယားကြောက်ရွာ ၊ အမည် ပေါက် ကျူး ၊ ပက်ပက်စက်စက်ညို့ ၊ ဖေ့ဘုတ် ဘုရင်မ ၊ တာတေကြီး ၊ ငါက ဗိုလ်အောင် ဒင်  ၊ ထာဝရအမေ ၊ 3G ၊ တောကျီးကန် း ၊ ငေါ့ချမ် းခသစ္စာ ၊ ဆိုင်းကြိုက်တဲ့ မောင်  စသည့် ဇာတ်ကားများ ပါဝင်သည်။

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုစီစစ်ရေးကော်မတီမှ စိစစ်ရေးကော်မတီအဖွဲ့အစည်းအဝေး ဆုံးဖြတ်ချက် အရ ဇာတ်ညွှန်း ထူးချွန်ဆုအတွက် ဇာတ်ညွှန်းစာအုပ် တင်ပြမှသာ ထူးချွန်ဆုအတွက် စဉ်းစားမည်ဖြစ်ပြီး ထူးချွန်ဆု စာရင်းဝင် ရုပ်ရှင်ကားများ အနေဖြင့် ဇာတ်ညွှန်း စာအုပ်များ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးသို့ ပေးပို့ရန်  အကြောင်း ကြားထားသည်။

ယခင် ကျင်းပပြုလုပ်ခဲ့သည့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲတွင် ဆုရရှိကြသူများကို ရွှေသားကြယ်၂ ကျပ်သား ချီးမြှင့်ခဲ့ခြင်း ဖြစ်ပြီး ယခုနှစ်တွင် ရုပ်ရှင်ထူးချွန်ဆုရရှိကြမည့်သူများကို တစ်သက်တာ ရုပ်ရှင်ထူးချွန်ဆုအတွက် ရွှေသားကြယ် ၅ ကျပ်သား အပြင် သက်ရှိ ထင်ရှားရှိစဉ် ကာလတလျှောက် လစဉ် ချီးမြှင့်ငွေ ကျပ် ၅ သိန်းကိုပါ ချီးမြှင့်သွားမည် ဖြစ်သည် ။

၂၀၁၆ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲတွင် ဇာတ်ညွှန်းဆု နှင့် အမျိုးသမီး ဇာတ်ပို့ဆု တို့ကို မပါ၀င်ပဲ အကောင်းဆုံး ရုပ်ရှင်အသံဆု ၊ အကောင်းဆုံး ရုပ်ရှင် တေးဂီတဆု ၊ အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆု ၊ အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံဆု ၊ အကောင်းဆုံး အမျိုးသား ဇာတ်ဆောင် ဆု ၊ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု ၊ အကောင်းဆုံး ရုပ်ရှင် ဒါရိုက်တာ ဆု ၊ ရုပ်ရှင် အထူးဆု တို့ကို ချီးမြှင့်ခဲ့သည်။

ယခုနှစ်မှာတော့ ထူးချွန်ဆု ၁၁ဆု ပေးရန် စီစဉ်ထားပြီး  မြန်မာ့ရုပ်ရှင်ထူးချွန်ဆု နှင့် ပတ်သက်ပြီး ကန့်သတ်ထားသည့် အချက်များမှာ (၁) မြန်မာ့ရုပ်ရှင် အဆင့်အတန်း မြင့်မားရေး အတွက် နှစ်တစ်နှစ်အတွင်း အကောင်းဆုံး ထူးချွန်ဆု ၁၁ဆု အပြင် ( ထူးခြားသော အနုပညာရှင် ၊ အတတ်ပညာရှင် ထွက်ပေါ်လာပါက ပေးရန် ရည်ရွယ်ထားသော) အထူးဆု ပေးရန် ရည်ရွယ်ချက် ရှိသည်။ (၂) ထူးချွန်သူ တစ်ဦးသာလျှင် ပေးပါမည် ၊ ပူးတွဲဆု ပေးမည် မဟုတ်ပါ ။ (၃) နိုင်ငံခြား ရုပ်ရှင်များကို ကူးယူ မှီးငြမ်း နေသော ရုပ်ရှင်ကားများကို (က) ဇာတ်ကားဆု ၊ (ခ) ဒါရိုက်တာဆု ၊ (ဂ) ဇာတ်ညွှန်းဆုများ ပေးမည် မဟုတ်ပါ။ ( အခြားသော သရုပ်ဆောင်ပိုင်း ၊ ဂီတ ၊ ဓာတ်ပုံ ၊ တည်းဖြတ် ၊ အသံ အစရှိသော ဆုများကိုလည်း ပုံတူကူးချ ကြောင်း တွေ့ရှိပါက ဆုပေးမည် မဟုတ်ပါ) ။ (၄) ဇာတ်ညွှန်းဆု နှင့် ပတ်သက်၍ ဇာတ်ညွှန်းစာအုပ် မတင်ပြ ပါက  အကဲဖြတ်ပေးမည် မဟုတ်ပါ ။ (၅) နည်းပညာများနှင့် ပတ်သက်၍ နိုင်ငံခြား ပညာရှင်များကို ဆုပေးမည် မဟုတ်ပါ။ (၆) ဇာတ်ဆောင်ဆု ၊ ဇာတ်ပို့ဆုများ နှင့် ပတ်သက်၍ သက်ဆိုင်ရာ ရုပ်ရှင်ဇာတ်ကား၏ ထုတ်လုပ်သူ နှင့် ဒါရိုက်တာ တို့၏ ယုတ္တိတန်တန် မှန်မှန်ကန်ကန် တင်ပြလာသော ဇာတ်ဆောင် ၊ ဇာတ်ပို့ အမည်စာရင်းများကို အတည်ပြုပေးပါမည် ( ရုပ်ရှင်ကား ကြည့်ပြီး ဇာတ်ဆောင် ဇာတ်ပို့ အငြင်းပွားဖွယ် ရှိပါက အကဲဖြတ်အဖွဲ့မှ ညှိနှိုင်း သတ်မှတ်မည် ဖြစ်ပါသည်)  ဟု ကန့်သတ်ထားသည်။

၂၀၁၆ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲတွင် အကောင်းဆုံး ရုပ်ရှင်အသံဆုကို"မှော်ကျောက်စာ" ရုပ်ရှင်ဇာတ်ကားမှ ဦးကြည်မင်းသိန်း၊ အကောင်းဆုံး ရုပ်ရှင်တေးဂီတဆုကို "လူးရတနာသိုက်" ရုပ်ရှင်ဇာတ်ကားမှ ဓီရာမိုရ်၊ အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆုကို "ဧဒင်ရဲ့နတ်သမီး" ရုပ်ရှင်ဇာတ်ကားမှ ဦးဉာဏ်ဝင့်၊ အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံဆုကို" လူးရတနာသိုက်" ရုပ်ရှင်ဇာတ်ကားမှ မောင်မြင့်၊ အေးမင်း၊ အငယ်လေးတို့က  ရရှိခဲ့ကာ အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို "ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားနှင့် မြိုင်ရာဇာတာတေ" ရုပ်ရှင်ဇာတ်ကားဖြင့် သရုပ်ဆောင် လူမင်း ရရှိခဲ့ပြီး အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင် ဆုကို သက်မွန်မြင့်က "ချစ်လှစွာသော အမုန်း" ရုပ်ရှင်ဇာတ်ကားဖြင့် ရရှိခဲ့ပြီး ၊ အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုကို " အုတ်ကြားမြက်ပေါက်" ရုပ်ရှင်ဇာတ်ကားဖြင့် ထွန်းထွန်း က ရရှိခဲ့ကာ အကောင်းဆုံး ဒါရိုက်တာဆုကို အုတ်ကြားမြက်ပေါက် ရုပ်ရှင်ဇာတ်ကားဖြင့် ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်မှ ရရှိခဲ့ပြီး ရုပ်ရှင်အထူးဆုကို "မနောမြေမှ ကျောက်စိမ်းကမ္ဘာ" ရုပ်ရှင်ဇာတ်ကားမှ အသီးသီး ရရှိခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required