ကလိုုထူးဘောအဖွဲ့(KKO)နှင့် တပ်မတော်၊ KNU၊ BGF ပူးပေါင်းအဖွဲ့တိုက်ပွဲပြင်းထန်နေ

ကလိုုထူးဘောအဖွဲ့(KKO)နှင့် တပ်မတော်၊ KNU၊ BGF ပူးပေါင်းအဖွဲ့တိုက်ပွဲပြင်းထန်နေ
ကရင်နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ဝင်များကို ၎င်းတို့၏ ဌာနချုပ် ဆုံဆည်းမြိုင်တွင် တွေ့ရစဉ်။ (ဓာတ်ပုံ-မဇ္ဈိမ)

ရန်ကုန်၊ ဇန်နဝါရီ ၈ ။          ။ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) မှ ခွဲထွက်ထားသော တိုးတက်သော ဗုဒ္ဓဘာသာကရင်တပ်မတော် (ခ) ကလိုုထူးဘောအဖွဲ့ (KKO)၊ KNU၊  နယ်ခြား စောင့်တပ်ဖွဲ့(BGF)  ပူးပေါင်းအဖွဲ့တို့ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ် အတွင်းရှိအချို့နေရာများတွင် တိုက်ပွဲပြင်းထန်နေသည်မှာ တစ်လ ကျော်ပြီ ဖြစ်ကြောင်း BGF မှ ဗိုလ်မှူးနိုင်မောင်ဇော် မဇ္ဈိမ သို့အတည်ပြုပြောသည်။

“ ပြင်းပြင်းထန်ထန်ဖြစ်တာကတော့ အခု တစ်လကျော်ကျော်လောက်ရှိပြီ သူတို့အခြေကုတ်ယူထားတဲ့နေရာတွေကိုလည်း ကိုယ်တို့ ပူးပေါင်းအဖွဲ့က နေပြီးတော့ တတ်သိမ်းပြီးသွားပြီလေ။ အခုကတော့ တိုက်ပွဲကချိုကြားချိကြားဖြစ်နေတုန်းပေါ့။ သာဘောသဲ လို့ခေါ်တာပေါ့။ အဲ့နေရာကတောကြီး။ တောင်တွေကြား၊ လျှိတွေကြားကသွားရတာ” ဟု ၄င်းကဆိုသည်။

ထို့အပြင် တပ်မတော်၊ နယ်ခြားစောင့်တပ်ဖွဲ့(BGF) နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏တပ်မဟာ ရ တို့ပူးပေါင်းအဖွဲ့နှင့် KKO တို့ လှိုင်းဘွဲ့မြို့ နယ် မဲသဝေါဒေသဘက်နှင့် ဟတ်ကြီးရေကာတာအနီးတွင်လည်း ပစ်ခတ်မှုများရှိနေသည်ဟု ဗိုလ်မှူးနိုင်မောင်ဇော်ကဆိုသည်။

“ ဖြစ်တာတော့ တော်တော်ကြာနေပြီ။ ကိုယ်တို့စခန်းကို သူတို့လာပစ်ပြီးနောက်ပိုင်းမှာ စဖြစ်တာပဲ။ သူတို့ကစကားတွေအကြိမ်ကြိမ်ချိုးဖောက်တယ်လေ။ ပေးတဲ့ဂတိတွေလည်းမတည်ဘူး။ မတည်ဘဲ ခဏခဏ ရန်ပြုပြီး ပစ်ခတ်တာတွေလုပ်လာတဲ့အခါကျတော့ ကိုယ်တို့ဘက်ကလည်း မလွှဲမရှောင်သာ စစ်ဆင်ရေးလုပ်ရတာပေါ့ “ ဟု ၄င်းကပြောသည်။

အာရှလမ်းမကြီးတစ်လျောက်နှင့် မဲသဝေါဘက်တွင် ၂၀၁၅ ခုနှစ်ကတည်းက အစိုးရနှင့် ကလိုုထူးဘောအဖွဲ့ (KKO) တို့တိုက်ပွဲများမကြာခဏ ဆိုသ လိုဖြစ်ပွား တတ်သော်လည်း အစိုးရဘက်မှ KNU ပါ၀င်လာသည်မှာ ၂ လကျော်သာရှိသေးကြောင်း ဗိုလ်မှူးနိုင်မောင်ဇော်ကဆိုသည်။

ကလိုုထူးဘောအဖွဲ့ (KKO) အနေဖြင့် အဆိုပါဒေသတွင် တိုက်ခိုက်မှုများပြုလုပ်သည့် အပြင်မိုင်းထောင် ဖောက်ခွဲမှုများကိုလည်းပြုလုပ်လျှက်ရှိသည်ဟု ၄င်းကဆက်လက်ပြောသည်။

အဆိုပါကိစ္စနှင့် ပက်သက်ပြီး ကလိုုထူးဘောအဖွဲ့ (KKO) တာဝန်ရှိသူတစ်ဦးထံဆက်သွယ်မေးမြန်းရန်ကြိုးပမ်းသော်လည်း အဆက်အသွယ်မရခဲ့ပေ။

အငြိုးအတည်းဖြင့် တိုက်ခိုက်နေသည် မဟုတ်၍ ကလိုုထူးဘောအဖွဲ့ (KKO) အဖွဲ့ဘက်မှ နေ၍ အလင်းဝင်လိုသည့်တပ်သားများရှိပါက နီးစပ်ရာ BGF တပ်စခန်းများတွင် လက်နက်ချ၍ အလင်းဝင်နိုင်ကြောင်း ဗိုလ်မှူး နိုင်မောင်ဇော်က ဆက်လက်ပြောသည်။

ကရင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်နေသောနေရာတစ်ဝိုက်တွင် မငြိမ်မသက်မူတွေဖြစ်နေပြီး ဒေသခံရွာသားများသည်လည်း ပြည်တွင်းနေဒုက္ခ သည်အဖြစ် ရွှေ့ပြောင်းနေထိုင်နေရကြောင်း သိရသည်။

အဆိုပါ မဲသဝေါဒေသ၌ ဖြစ်ပွားခဲ့သည့်တိုက်ပွဲ များကြောင့် စစ်ဘေးရှောင်ပြည်သူ ၅၀၀၀ ကျော်ခန့်သည် မိမိရပ်ရွာများကို စွန့်ခွာပြီး  မြိုင်ကြီးငူဒေသ၌ ၂ နှစ်နီးပါး လက်ရှိအချိန်ထိ ခိုလှုံနေရဆဲဖြစ်ပြီး စာဝတ်နေရေးပါအခက်အခဲတွေ့နေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly