ဒေါ့တ်မွန်မှာ ခြေစွမ်းစမ်းသပ်မယ့် အပြေးချန်ပီယံဟောင်းအူစိန်ဘော့

ဒေါ့တ်မွန်မှာ ခြေစွမ်းစမ်းသပ်မယ့် အပြေးချန်ပီယံဟောင်းအူစိန်ဘော့

ဇန်နဝါရီ ၈၊ ဂျာမနီ ။               ။ ကမ္ဘာ့တာတိုအပြေးချန်ပီယံဟောင်း အူစိန်ဘော့ဟာ ဘောလုံးလောကထဲကို ၀င်ရောက်ဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။ တံကောက်ကြောဒဏ်ရာကြောင့် အပြေးလောက ကနေအနားယူထားခဲ့တဲ့ အူစိန်ဘော့ဟာ ဒဏ်ရာက ပြန်လည်သက်သာလာပြီဖြစ်ပြီး လာမယ့် မတ်လမှာ ဒေါ့တ်မွန်အသင်းမှာ ခြေစွမ်းစမ်းသပ်ခံမယ်လို့ သတင်းတွေက ဆိုပါတယ်။

အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘော့ဟာ အိုလံပစ်ရွှေတံဆိပ် ၈ ခုအထိရရှိထားသူဖြစ်ပြီး မီတာ ၁၀၀နဲ့မီတာ ၂၀၀ ပြိုင်ပွဲတွေမှာ ကမ္ဘာ့စံချိန်တင်ထားသူ ဖြစ်ပါတယ်။

“ဒဏ်ရာအခြေအနေက အိုကေပါတယ်။ ကြံ့ခိုင်မှုအပြည့်ပြန်ရပါပြီ။ လာမယ့်မတ်လမှာ ဒေါတ့်မွန်အသင်းနဲ့ခြေစွမ်းစမ်းသပ်ပါမယ်။ ကျွန်တော်ဘောလုံးကစားဖို့ ဖြစ်နိုင်တယ်၊ မဖြစ်နိုင်ဘူးဆိုတာ အဲ့ဒီမှာဆုံးဖြတ်ပါမယ်။ သူတို့က ကျွန်တော်ကစားလို့ဖြစ်နိုင်တယ်၊ လေ့ကျင့်မှုတွေလုပ်ဖို့ လိုအပ်တယ်ဆိုရင် ကျွန်တော်လုပ်မှာပါ။

ကျွန်တော့်ရဲ့အကြီးမားဆုံးဆန္ဒကတော့ မန်ယူအသင်းမှာ ကစားခွင့်ရရှိဖို့ပါ။ ဒေါ့တ်မွန်အသင်းကသာ ကျွန်တော်ဘောလုံးကစားလို့ ဖြစ်တယ်ဆိုရင် ပြင်းပြင်းထန်ထန်လေ့ကျင့်သွားမှာပါ။ မန်ယူနည်းပြဟောင်း ဖာဂူဆန်နဲ့ စကားပြောဆိုထားတာတွေရှိပါတယ်။ ကျွန်တော်သာ ဘောလုံးကစားဖို့ လုံလောက်တဲ့ ကြံ့ခိုင်မှုရပြီဆိုရင် ဖာဂူဆန်က သူဘယ်လုပ်ပေးနိုင်မလဲဆိုတာ ရှာဖွေကြည့်ပေးမယ်လို့ ပြောပါတယ်” လို့ အူစိန်ဘော့က ဆိုပါတယ်။

ဘော့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက မန်ယူဂန္ထဝင်အသင်းနဲ့ ဘာစီလိုနာဂန္ထဝင်အသင်းတို့ ကစားတဲ့ပွဲမှာပါ၀င်ခဲ့သေးပေမယ့် သူ့ရဲ့ဒဏ်ရာကြောင့် ပြန်ထွက်ခဲ့ရပါတယ်။

ရည်ညွှန်း မယ်ရာ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly