ဘင်္ဂလားဒေ့ရှ်မှ ပြန်လာသူများအတွက် လူ ၁၀ ဦးဆန့် မိုးကာတဲ ၁၀၀၀ ကျော် လူကယ်ပြန် စီစဉ်ထား

ဘင်္ဂလားဒေ့ရှ်မှ ပြန်လာသူများအတွက် လူ ၁၀ ဦးဆန့် မိုးကာတဲ ၁၀၀၀ ကျော် လူကယ်ပြန် စီစဉ်ထား
ဓာတ်ပုံ - Prof Win Myat Aye facebook

ရန်ကုန် ၊ ဇန်နဝါရီ ၈ ။                   ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ပြန်လည်ဝင်ရောက်လာမည့် သူများအတွက် လူ ၁၀ဦးဆန့် မိုးကာ ရွက်ဖျင်တဲ အလုံးရေ ၁၀၀၀ ကျော်ကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်   ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ၀ယ်ယူထားပြီးဖြစ်သည်ဟု သိရသည်။

ယင်း မိုးကာရွက်ဖျင်တဲများကို ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ၀ယ်ယူထားခြင်းဖြစ်ပြီး မိုးကာတဲတစ်လုံးလျှင် မြန်မာကျပ်ငွေ (၉) သိန်းကျော်ခန့် တန်ကြေးရှိကာ အလျား(၁၉ပေ x ၆လက်မ)၊ အနံ(၁၃ပေ x ၃လက်မ)၊ ခေါင်အမြင့် (၉ပေ x ရလက်မ) ခန့်ရှိပြီး လူဦးရေ ၁၀ ဦး နေထိုင်နေနိုင်သည်ဟု သိရသည်။
 
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၏ တရားဝင်လူမှုကွန်ရက်စာမျက်နှာတွင် "ရခိုုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သော အကြမ်းဖက်ဖြစ်စဉ်များကြောင့် ခေတ္တနေရပ်စွန့်ခွာ ပြည်သူများအတွက် UEHRD ပြည်ထောင်စုစီမံကိန်း၏ လုပ်ငန်းတာဝန် တစ်ရပ်ဖြစ်သည့် ပြန်လည် နေရာချထားရေး လုပ်ငန်းများဆောင်ရွက်ရာတွင် နေအိမ်များဆောက်လုပ်မှု မပြီးပြတ်သေးချိန်၌ ယာယီနေထိုင် နိုင်ရေးအတွက် လေမိုးဒဏ်ခံယာယီအဆောက်အဦများကို အသင့်ပြင်ဆင်ထားရှိရန် ၀န်ကြီးဌာနက စီစဉ်နေသည်" ဟု ဖော်ပြထားသည်။

 ပြန်လည်နေရာချထားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နေအိမ်များကို Cash For Work (အလုပ်ပေး၊ငွေပေး၊ကိုယ်တိုင်ဆောက်)အစီအစဉ်ဖြင့် တည်ဆောက် ပေးသွားမည်ဖြစ်ပြီး တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နေစဉ် ကာလအတွင်း ယာယီနေထိုင်နိုင်ရေး အတွက် အဆိုပါမိုးကာတဲများကို အသုံးပြုနိုင်ရန် အသင့် ပြင်ဆင်ဆောင်ရွက်ထားရှိခြင်းဖြစ်ကြောင်း   ဒေါက်တာဝင်းမြတ်အေး၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံဘက်မှ ဘင်္ဂလားဒေ့ရှ်ဘက်သို့ လူဦးပေါင်း ၆၅၀၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ကုလသမဂ္ဂဘက်က ထုတ်ပြန်ထားသည်။

ယင်းသို့ ထွက်ပြေးသွားသူများကို ပြန်လည်လက်ခံရန် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား  သဘောတူညီမှုရရှိခဲ့ပြီး ပထမအသုတ်အနေဖြင့် ဇန်နဝါရီ ၂၃ ရက်နေ့တွင် လက်ခံသွားမည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required