ARSA အဖွဲ့ ကြေညာချက်ကြောင့် ရခိုင်ပြည်နယ်အတွင်း လုံခြံုရေးကို လိုအပ်သလို တိုးမြှင့်ဆောင်ရွက်ရန် စီစဉ်ထား

ARSA အဖွဲ့ ကြေညာချက်ကြောင့် ရခိုင်ပြည်နယ်အတွင်း လုံခြံုရေးကို လိုအပ်သလို တိုးမြှင့်ဆောင်ရွက်ရန် စီစဉ်ထား

 

ရန်ကုန် ၊ ဇန်နဝါရီ ၈ ။                      ။ ရခိုင်ပြည်နယ်အတွင်း တပြန်ကျော့ပြန် တိုက်ခိုက်မှုများ ပြန်လည်ပြုလုပ်တော့မည်ဟု အာရ်ကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ်  (ARSA ) က ကြေညာချက်ထုတ်ပြီးနောက်ပိုင်း လုံခြံုရေးအင်အားကို လိုအပ်သလို တိုးမြှင့်သွားမည်ဟု မြန်မာအစိုးရဘက်မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

"ဒုက္ခသည်တွေပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို အနှောက်အယှက် မဖြစ်အောင် တည်ငြိမ်အေးချမ်းရေးဖြစ်အောင် လုပ်သင့်လုပ်ထိုက်တာ ဆောင်ရွက်နေတယ်။ နောက်ထပ် လုံခြံုရေးအင်အား လိုအပ်ရင် လိုအပ်သလို တိုးမြှင့်ပြီး ဆောင်ရွက်သွားမှာပါ" ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မဇ္စျိမကို အတည်ပြုပြောဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၅ ရက်နေ့က မောင်တောမြို့နယ် တရိန်ကျေးရွာအနီး တိုက်ခိုက်မှုသည် ARSA အဖွဲ့၏ တိုက်ခိုက်မှုဖြစ်ပြီး နိုင်ငံတကာ ဥပဒေများနှင့်အညီ ခုခံတိုက်ခိုက်မှုများ လုပ်သွားမည်ဟု ARSA အဖွဲ့က ယင်းတို့ အသုံးပြုနေသည့် Twitter စာမျက်နှာမှတစ်ဆင့်  ဇန်နဝါရီလ ရ ရက်နေ့တွင် ထုတ်ပြန်ကြေညာထားသည်။

ယင်းထုတ်ပြန်ချက်ထဲတွင် ဒေသတွင်းနေထိုင်သူများ၏ နိုင်ငံသားဖြစ်မှု ပိုင်ဆိုင်မှု အခွင့်အရေးများ ဆုံးရှုံးနေရသည်ဟု ဖော်ပြရေးသား ထားကာ ARSA အနေဖြင့် မိမိတို့တောင်းဆိုချက်များ မရရှိသေးခြင်းကြောင့် လှုပ်ရှားမှုများကို နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသည်။

အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားခြင်းခံရသည့် ARSA အဖွဲ့ကို နိုင်ငံရေးအရသော်လည်းကောင်း၊ ဘာသာရေးအရသော်လည်းကောင်း နည်းလမ်းအမျိုးမျိုးဖြင့် အားပေးကူညီခြင်း မပြုလုပ်ရန် နိုင်ငံတကာ အသိုင်းအဝိုင်းအား မြန်မာအစိုးရဘက်မှလည်း မေတ္တာရပ်ခံထားသည်ဟု ဦးဇော်ဌေးက ပြောသည်။

နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ယင်းအချက်နှင့် ပတ်သက်ပြီး "ARSA  ကိုအကြမ်းဖက်အဖွဲ့အစည်းအဖြစ် အစိုးရက တရားဝင်ထုတ်ပြန်ကြေညာထားတယ်။ အကြမ်းဖက်လုပ်ရပ်တွေကို ကျွန်တော်တို့အစိုးရက လုံးဝလက်မခံဘူး။ အကြမ်းဖက်သမားကို အကြမ်းဖက်သမားအဖြစ်တုံ့ပြန်ရမှာပဲ" ဟုဆိုသည်။

အာရ်ကန်ရိုဟင်ဂျာကယ်တင်ရေးတပ် (ARSA ) ဘက်မှ ပြန်လည်တိုက်ခိုက်လာခြင်းနှင့် ပတ်သက်ပြီး တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက"လောလောဆယ် သူတို့ရည်ရွယ်ချက်ကတော့ အခု မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံကြား သဘောတူထားတဲ့ ဒုက္ခသည်တွေ ပြန်လက်ခံမယ့် အစီအစဉ်ကို အဟန့်အတားလုပ်ချင်တဲ့ သဘောထင်ပါတယ်" ဟု ဆိုသည်။

၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က မောင်တောဒေသအတွင်းရှိ လုံခြံုရေး ရဲတပ်ဖွဲ့ စခန်းများ စီးနင်းတိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး ARSA အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အစိုးရက ကြေညာထားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags