ပျောက်ဆုံး MH370 လေယာဉ်အား ပြန်လည်ရှာဖွေခွင့် အမေရိကန်ကုမ္ပဏီကို မလေးရှား ခွင့်ပြု

ပျောက်ဆုံး MH370 လေယာဉ်အား ပြန်လည်ရှာဖွေခွင့် အမေရိကန်ကုမ္ပဏီကို မလေးရှား ခွင့်ပြု

 

ကွာလာလမ်ပူ၊ ဇန်နဝါရီ ၆ ။              ။ ပျောက်ဆုံး MH370 လေယာဉ်အား ရှာဖွေရေး ပြန်လည်စတင်ရန် မလေးရှားအစိုးရက အမေရိကန်ကုမ္ပဏီတစ်ခုဖြစ်သော Ocean Infinity နှင့် စာချုပ်ချုပ်ဆိုရန် သဘောတူခဲ့ကြောင်း တာဝန်ရှိသတင်းရင်းမြစ်က ဇန်နဝါရီ ၆ ရက်တွင် ပြောသည်။

အဆိုပါ သဘောတူညီမှုအရ အစိုးရအနေဖြင့် လေယာဉ်အား အောင်မြင်စွာ ပြန်လည်ရှာဖွေတွေ့ရှိပါက ရှာဖွေရေးကုန်ကျစရိတ်ကို ကျခံပေးရမည်ဖြစ်ကြောင်း နိုင်ငံ၏ သယ်ယူပို့ဆောင်ရေးဝန်ကြီး တီအောင်လိုင်းက ပြောသည်။

အဆိုပါ စာချုပ်ကို လာမည့်သီတင်းပတ်တွင် လက်မှတ်ရေးထိုးကြမှာဖြစ်ကြောင်း မီဒီယာအား ၎င်းက ပြောသည်။

ရှာဖွေရေးကုန်ကျစရိတ်သည် အမေရိကန်ဒေါ်လာ သန်း ၂၀ မှ ရ၀ ကြား ရှိမည်ဟု အစိုးရကိုယ်စားလှယ်များက ခန့်မှန်းထားကြောင်း Bernama သတင်းဌာနက အစောပိုင်းတွင် ဖော်ပြသည်။

Ocean Infinity မှ ပြောခွင့်ရသူ Mark Antelme က လာမည့်ရက်ပိုင်းအတွင်း မလေးရှားလေကြောင်းလိုင်းပိုင် MH370 ရှာဖွေရေးလုပ်ငန်းအား စတင်နိုင်မည်မျှော်လင့်ကြောင်း အီးပီအေသတင်းဌာနသို့ ပြောသည်။

၂၀၁၄ ခုနှစ် မတ်လအတွင်းက မလေးရှားလေယာဉ် MH370 သည် ကွာလာလမ်ပူမှ ပေကျင်းသို့ ဦးတည်ခရီးစဉ်အတွင်း ပျံတက်ပြီး မိနစ်လေးဆယ်တွင် ထူးဆန်းစွာ ပျောက်ဆုံးသွားခြင်း ဖြစ်သည်။

အဆိုပါ လေယာဉ်၏ ဆက်သွယ်ရေးစနစ်ကို ပိတ်ပြီး အိန္ဒိယသမုဒ္ဒရာသို့ လမ်းကြောင်းဦးတည်ပျံသန်းကာ ပျောက်ဆုံးသွားခြင်း ဖြစ်သည်ဟု စုံစမ်းစစ်ဆေးရေးတာဝန်ရှိသူများက ထုတ်ပြန်ထားသည်။

၂၀၁၇ ဇန်နဝါရီတွင် ခန့်မှန်း ဒေါ်လာ ၁၃၅ သန်း ကုန်ကျသော မလေးရှား၊ သြစတြေးလျနှင့် တရုတ်တို့၏ ရေမိုင် စတုရန်းမိုင် ၄၆၃၃၂ မိုင်အတွင်း ပူးပေါင်းရှာဖွေရေးလုပ်ငန်းစဉ်ကို မအောင်မြင်စွာ ရပ်နားထားခဲ့ရခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags