ကော့သောင်း လူသတ်မှု မြန်မာနိုင်ငံသားများ ကျူးလွန်ကြောင်း သက်သေ ခိုင်လုံမှု မရှိသေး

ကော့သောင်း လူသတ်မှု မြန်မာနိုင်ငံသားများ ကျူးလွန်ကြောင်း သက်သေ ခိုင်လုံမှု မရှိသေး

ချင်းမိုင်၊ သြဂုတ် ၂၁ ။        ။ ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီခရိုင် ကော့သောင်း(လိပ်ကျွန်း)တွင် ဗြိတိန်နိုင်ငံသားနှစ်ဦး သတ်ခံရမှုဖြင့် ဖမ်းဆီးခံထားရသူများ အမှုဖြောင့်ချက်ယူရာတွင် မှန်ကန်မှု မရှိသကဲ့သု့ိ  တရားလိုပြ သက်သေများ ထွက်ချက်ခိုင်လုံမှု မရှိသေး၍  မြန်မာနိုင်ငံသားများ ပြစ်မှုကျူးလွန်ကြောင်း သက်သေ ခိုင်လုံမှု မရှိသေးဟု ရှေ့နေ ဦးအောင်မျိုးသန့် က ပြောသည်။

သြဂုတ်  ၂၁ ရက်က ကော့စမွေတရားရုံးတွင် ဖမ်းဆီးခံထားရသူ မြန်မာနိုင်ငံသား ကိုဝင်းဇော် ထွန်း(ခ) ဝေဖြိုးအား ဖြောင့်ချက်ယူခဲ့သော ဆူရတ်ဌာနီမှ ထိုင်းရဲမှူးကြီးတစ်ဦးအား စစ်ဆေးခဲ့ရာ ၎င်းကဖြောင့် ချက်ယူထားသည့် ဗီဒီယိုနှင့်အတူ ထွက်ဆိုခဲ့သည်ဟု ဦးအောင်မျိုးသန့် က ပြောသည်။

တရားဥပဒေအရဖြောင့်ချက်ယူရာတွင် တရားရုံးတွင်သာ ယူရသော်လည်း ထိုင်းရဲမှူးကြီးက ရဲစခန်းတွင်ဖြောင့်ချက်ယူခဲ့သဖြင့် ယုံကြည်နိုင်စရာမရှိသကဲ့သို့ ဒီအင်န်အေစစ်ဆေးမှုတွင် လုပ်ထုံး လုပ်နည်းနှင့် မညီသဖြင့် မြန်မာနိုင်ငံသားများ အပြစ်ကျူးလွန်ကြောင်း သက်သေခိုင်လုံမှု မရှိသေးဟု လည်း ၎င်းက ဆိုခြင်း ဖြစ်သည်။

ဦးအောင်မျိုးသန့် က “သူက ဖြောင့်ချက်ယူတာ ဗီဒီယိုနဲ့ တင်ပြတယ်။ ဖြောင့်ချက်ကတော့ ဘာသာပြန်နဲ့ ရဲစခန်းထဲမှာ ယူထားတာ။ ရဲစခန်းမှာ ဖြောင့်ချက်ယူ ကတည်းကနေ မှားတယ်။ ကလေးတွေဘက် ကလည်း နားလည်တဲ့ ရှေ့နေပါရင် တကယ်ဆန္ဒရှိလား။ ခြိမ်းခြောက်တာလားဆိုတဲ့ ကာကွယ်တဲ့ ရှေ့နေပါရမယ်။ မပါခဲ့ဘူး။ ထို့အတူပဲ ဆွေမျိုးတွေ ပါရမယ်။ ဒီအချက်တွေကြောင့် ဒီဖြောင့်ချက်က ဘယ်လိုမှ မှန်ကန်တယ်လို့ ပြောလို့မရဘူး။ ဒီအတိုင်းဆိုရင် ဒီကလေးတွေ အပြစ်ကျူး တယ်လို့ အပြစ်ယူလို့မရဘူး” ဟု ပြောသည်။

ရဲစခန်းတွင် ဖြောင့်ချက်ယူသဖြင့် သြဇာသက်ရောက်မှု ရှိနိုင်ခြင်း၊ တရားခံဘက်မှ သက်သေ ယူသည့်အချိန်တွင် အကျုးိဆောင်ရှေ့နေ မပါခြင်း၊ ဆွေမျိုးသားချင်းလည်း တစ်ဦးမှ မပါဝင်ခြင်း ဟူ သော အချက်များကြောင့် ၎င်းဖြောင့်ချက်သည် မှန်ကန်မှုမရှိဘဲ ပျက်ပြယ်သည့်သဘော သက်ရောက် သည်ဟုလည်း ၎င်းက ပြောသည်။

သြဂုတ် ၂၀ရက်ကလည်း ထိုင်းရဲဝန်ထမ်း ငါးဦးနှင့်ဘာသာပြန် ကိုရဲဆိုသူတို့ခြောက်ဦးကို စစ်ဆေးခဲ့ပြီး သြဂုတ် ၂၁ရက်အထိ တရားလိုပြသက်သေ ၂၈ ဦး စစ်ဆေးပြီးသွားပြီဖြစ်သည်။
လူသတ်မှုနှင့် ပတ်သက်၍ ထိုင်းရဲတပ်ဖွဲ့က တရားလိုပြုလုပ်ကာ တရားလိုပြသက်သေ ၆၅ ဦး ထွက်ဆိုရန် တင်သွင်းထားပြီး ယခုလအတွင်း အပြီးသတ် စစ်ဆေးသွားမည် ဖြစ်သည်။

လာမည့်သြဂုတ်လ ၂၇ နှင့် ၂၈ ရက်များတွင်လည်း တရားလိုပြသက်သေများကို ပြန်လည် စစ်ဆေးရန် ရုံးချိန်းပေးထားပြီး လာမည့်စက်ဘာလတွင် တရားခံဘက်မှ သက်သေများကို ပြန်လည် စစ်ဆေးသွား မည်ဖြစ်ကြောင်း ရှေ့နေ ဦးအောင်မျိုးသန့် က ပြောသည်။

၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်က ဗြိတိန်နိုင်ငံသား ဟန်နာ ဝီသာရစ် (Hannah Witheridge)နှင့် ဒေးဗစ်မေလာ(David Miller)တို့ သတ်ဖြတ်ခံခဲ့မှုတွင် မြန်မာအလုပ်သမား ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့ကို ဖမ်းဆီးထားခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly