ရသေ့တောင်မြို့နယ် ကျေးရွာအုပ်စုအချို့တွင် ညမထွက်ရ အမိန့်တိုးမြှင့်ထားဆဲ

ရသေ့တောင်မြို့နယ် ကျေးရွာအုပ်စုအချို့တွင် ညမထွက်ရ အမိန့်တိုးမြှင့်ထားဆဲ
ဓာတ်ပုံ - ဇေယျာမော်

 

ရသေ့တောင်၊ ဇန်နဝါရီ ၅ ရက်။                     ။ ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ်ရှိ ကျေးရွာအုပ်စုအချို့တွင် ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ မှာ ယခုထိတိုင် ထပ်မံတိုးမြှင့်ထားဆဲဖြစ်ကြောင်း ရသေ့တောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

ARSA လက်နက်ကိုင်များ၏ တိုက်ခိုက်မှုများကြောင့် ရခိုင်မြောက်ပိုင်းဒေသရှိ ရသေ့တောင်မြို့နယ် အပါအဝင် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင်ပါ ညမထွက်ရ အမိန့်ထုတ်ထားခဲ့ခြင်းဖြစ်သည်။

ရသေ့တောင်မြို့နယ် ကျေးရွာအုပ်စု ၁၁ ခုတွင် ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့မှစတင်ကာ ညမထွက်ရအမိန့် ပုဒ် မ ၁၄၄ ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ကာ ကျေးရွာအုပ် စု (၈)  စုတွင် ရုတ်သိမ်းထားပြီး မောင်တောမြို့နှင့် နီးစပ်သော တိုင်းရင်းသားကျေးရွာများဖြစ်သော ဖက်လိပ်၊ ချွတ်ပြင်နှင့် သိမ်တောင် ကျေးရွာများတွင် ထပ်မံတိုးမြှင့်လိုက်ခြင်းလည်း ဖြစ်သည်။

“ရုပ်သိမ်းလိုက်တာမဟုတ်ဘူး။ ဇန်နဝါရီ ၃ ရက်နေ့က နောက်လအထိ ပြန်ထုတ်ထားတယ်။ ၈ လပိုင်း ၂၅ ရက် နေ့က တည်းက ၁၁ အုပ်စုမှာ ထုတ်ထားတာ။ ခုကတော့ ၃ အုပ်စုပဲ ၂ လ ထုတ်ထားတာ။”ဟု ရသေ့တောင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူက ပြောသည်။

ယခု ဇန်နဝါရီလ ၃ ရက်နေ့မှ စတင်ကာ ဖေဖော်ဝါရီလကုန်ထိ ၂ လအတွင်းတွင် ည ၉ နာရီမှ နံနက် ၆ နာရီထိ အပြင် မထွက်ရန် ဖော်ပြထားခြင်းဟု သိရသည်။

မောင်တောမြို့နယ်တွင်မူ ၂၀၁၂ ခုနှစ်က စတင်ဖြစ်ပွားခဲ့သော ဘင်္ဂါလီ နှင့် ရခိုင်လူမျိုးစုနှစ်ခုကြား ပဋိပက္ခများ ကြောင့် ညမထွက်ရအမိန့်ကို ၂ လတစ်ကြိမ် ထုတ်ပြန်လာသည်မှာ ယခုအချိန်ထိဆိုလျှင် ၆၈ လ အထိ ကြာမြင့်လာပြီဖြစ်ကြောင်း ထုတ်ပြန်သော အမိန့်စာများအရ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly