အမြန်လမ်းအနီးတည်ဆောက်မည့် အိမ်ရာစီမံကိန်းအား လွှတ်တော်ကို တိုင်ပင်ခြင်းမရှိဟု ဆို

အမြန်လမ်းအနီးတည်ဆောက်မည့် အိမ်ရာစီမံကိန်းအား လွှတ်တော်ကို တိုင်ပင်ခြင်းမရှိဟု ဆို

 

ရန်ကုန် ၊ ဇန်နဝါရီ ၅ ။              ။ ရန်ကုန်- မန္တလေး အမြန်လမ်းအနီး လှည်းကူးမြို့နယ်အတွင်း၌ တည်ဆောက်မည့် Eco Green City အိမ်ရာစီမံကိန်းကိစ္စကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အား အသိပေးတိုင်ပင်ခဲ့ခြင်းမရှိဟု ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျက ဆိုသည်။

"လွှတ်တော်ကို တင်ပြခဲ့တာ လုံးဝမရှိဘူး။အဲ့ဒါကြောင့် စီမံကိန်းနဲ့ ပတ်သက်ပြီး နိုင်ငံတော်က ဘယ်လိုအကျိုး ခံစားခွင့်ရှိလဲဆိုတာကို ဒီတစ်ခါပြန်စမယ့် လွှတ်တော်အစည်းအဝေးမှာ   မေးခွန်းမေးသွားမှာပါ" ဟု ဦးကျော်ဇေယျက ဆိုသည်။

ရန်ကုန်- မန္တလေး အမြန်လမ်း ၃ မိုင် ၁ ဖာလုံအနီး မြေဧက ၁၄၅၃ ဧကတွင်တည်ဆောက်မည့် Eco Green City အိမ်ရာစီမံကိန်းအား လွှတ်တော်၌ ရှင်းလင်းတင်ပြခြင်းမရှိသောကြောင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီး ပွားရေးကော်မတီက ဇန်နဝါရီ ၂ ရက်တွင် အစည်းအဝေးပြုလုပ်ခဲ့ပြီး ယင်းစီမံကိန်းသည် ဥပဒေနှင့် ညီညွတ်မှုရှိ မရှိ စိစစ်ပေးရန် တိုင်းဒေသကြီး လွှတ်တော်ဥပဒေရေးရာနှင့် လေ့လာသုံးသပ်ရေးအဖွဲ့သို့ တင်ပြထားသည်။

စီမံကိန်းများဆောင်ရွက်ရာတွင် တိုင်းဒေသကြီးလွှတ်တော်ကို အသိပေးရမည်ဖြစ်ပြီး တိုင်းဒေသကြီး လွှတ်တော်မှ အတည်မပြုဘဲ စီမံကိန်းများကို တရားဝင်ဆောင်ရွက်၍ မရကြောင်း   ကျောက်တံတားမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ဒီဇင်ဘာလအတွင်း၌ မဇ္စျိမက မေးမြန်းထားသည့် အင်တာဗျူးတစ်ခုတွင် ဖြေဆိုထားသည်။

Eco Green City အိမ်ရာစီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် Alliance Star Group of Companies တို့ အကျိုးတူပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်သည်။ အိမ်ရာစီမံကိန်း ပန္နက်တင်မင်္ဂလာ နှင့် စီမံကိန်းဆိုင်ရာ ရှင်းလင်းပွဲကို ၂၀၁၇ ဒီဇင်ဘာ ၂၃ ရက်နေ့က ပြုလုပ်ခဲ့ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် တို့ တက်ရောက်ထားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly