ပညာကို ဂုုဏ်နဲ့ပိုက်ဆံရဖို့အတွက်ပဲ မသင်နဲ့လို့ ဒေါ်အောင်ဆန်းစုကြည် ပြော

ပညာကို ဂုုဏ်နဲ့ပိုက်ဆံရဖို့အတွက်ပဲ မသင်နဲ့လို့ ဒေါ်အောင်ဆန်းစုကြည် ပြော
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဇန်နဝါရီ ၅ရက်၊ ၂၀၁၈ခုနှစ်)။ ။ လူငယ်များအနေဖြင့် အသက်မွေးဝမ်းကျောင်းပညာ သင်ယူဖို့ စိတ်အားထက်သန်ကြရန်နှင့် သင်ယူသည့် ပညာများမှာလည်း လူသားများအတွက် တန်းဖိုးရှိရန် လိုအပ်သည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

“သင်ယူတဲ့ပညာတွေဟာ ကျွန်မတို့ ကမ္ဘာကြီးအတွက်၊ လူသားတွေအတွက် တန်ဖိုးရှိရမယ်။ ဒါကြောင့် ဘွဲ့ရတယ်ဆိုတဲ့ ဂုဏ်လေးရှိရုံနဲ့ လူသားတွေအတွက် တန်ဖိုးရှိသွားတာ မဟုတ်ပါဘူး။ အသက်မွေးဝမ်းကျောင်းပညာဆိုတာ ကိုယ်နေတဲ့နိုင်ငံ၊ ကိုယ်နေတဲ့ အချိန်ကာလအတွင်းမှာ အကျိုးပြုနိုင်မယ့် ပညာရပ်တွေကို ဆိုလိုတာပါ။ ကျွန်မတို့လူငယ်တွေ အသက်မွေးဝမ်းကြောင်းပညာ သင်ယူဖို့ကို စိတ်အားထက်သန်စေချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

နေပြည်တော် MICC-2 တွင် ဇန်နဝါရီ ၅ရက်၊ နံနက်ပိုင်းက ကျင်းပပြုလုပ်သည့် လူငယ်ရေးရာမူဝါဒ မိတ်ဆက်ဖြန့်ချိခြင်းအခမ်းအနားတွင် အဖွင့်အမှာစကားပြောကြားစဉ် ထိုသို့ ထည့်သွင်းပြောဆိုသွားခြင်း ဖြစ်သည်။

“ပညာသင်တယ်ဆိုတာဟာ ဂုဏ်အတွက်ပဲ သင်တာမဟုတ်ဘူး။ ပိုက်ဆံအတွက်ပဲ သင်တာ မဟုတ်ဘူး” ဟုလည်း ဒေါ်အေင်ဆန်းစုကြည်က ဆိုသည်။

ကမ္ဘာပေါ်ရှိ အချမ်းသာဆုံး၊ အတိုးတက်ဆုံး နိုင်ငံတချို့တွင် အသက်မွေးဝမ်းကျောင်းပညာသည် တက္ကသိုလ်ပညာထက် သာလွန်နေသောကြောင့် အသက်မွေးဝမ်းကျောင်းပညာ သင်ယူထားခြင်းသည် တက္ကသိုလ်က ဘွဲ့လောက် တန်ဖိုးမရှိဟူသည့် စိတ်ဓာတ်မထားကြရန်လည်း ဒေါ်အောင်ဆန်းစုကြည်က အလေးအနက် တိုက်တွန်းသည်။

“ဂုဏ်ပကာသနကိုပဲ ကြည့်တာမဟုတ်ဘဲနဲ့ တကယ့်စစ်မှန်တဲ့ တန်ဖိုးကို အလေးထားတာ ဖြစ်ပါတယ်။ ဒါကြောင့် အသက်မွေးဝမ်းကြောင်းပညာဘက်ကို လူငယ်တွေကိုသွားဖို့ ကျွန်မက တိုက်တွန်းချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အသက်မွေးဝမ်းကျောင်းပညာကို လူငယ်များ တန်ဖိုးထားကြရန် ပြီးခဲ့သည့် ၂၀၁၆ခုနှစ်၊ ဇူလိုင်လအတွင်းကပြုလုပ်သည့် နည်းပညာနှင့်သက်မွေး ပညာရေးနှင့် လေ့ကျင့်ရေး နှီးနှောဖလှယ်ပွဲတွင်လည်း ပြောကြားခဲ့ဖူးသည်။

လက်ရှိတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် အသက်မွေးဝမ်းကျောင်းပညာနှင့်ပတ်သက်သည့် ကောလိပ်နှင့် ကျောင်းပေါင်း ၅၀ကျော်ဖွင့်လှစ်ထားသလို အသက်မွေးဝမ်းကျောင်းပညာနှင့် ဆက်စပ်နေသည့် အခြားဝန်ကြီးဌာနများကလည်း နည်းပညာနှင့်သက်မွေးဆိုင်ရာ စုစုပေါင်း(၂၄၇)ကျောင်းဖွင့်လှစ် သင်ကြားလျက်ရှိသည်။

“အခု ကျွန်မတို့နိုင်ငံမှာ အသက်မွေးဝမ်းကျောင်းပညာကို အားပေးနေပါတယ်။ အသက်မွေးဝမ်းကြောင်းပညာကို အားပေးတယ်ဆိုတာဟာ နိုင်ငံရဲ့ တိုးတက်ရေးအတွက်လည်း ဖြစ်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ယနေ့အခမ်းအနားတွင် ထည့်သွင်းပြောဆိုခဲ့သည်။

အခြားတစ်ဖက်တွင်လည်း အမှတ်ဖြင့် အကဲဖြတ်သည့် ပညာရေးစနစ်အပေါ် ဒေါ်အောင်ဆန်းစုကြည်က အောက်ပါအတိုင်း ထောက်ပြခဲ့သေးသည်။

“ကျွန်မတို့နိုင်ငံရဲ့ အားနည်းချက်တစ်ခုက အစုအဖွဲ့နဲ့ လုပ်တတ်တဲ့ အရည်အချင်း မရှိတဲ့ဟာပါပဲ။ ကျွန်မတို့ ပညာရေးစနစ်မှာ အစုအဖွဲ့နဲ့အတူတူ လုပ်တတ်ဖို့၊ လုပ်ဆောင်ဖို့ မသင်ပေးတာကြောင့်မို့လို့ ကိုယ်တစ်ယောက်ထဲ အမှတ်အများဆုံးရအောင်လုပ်တဲ့ စနစ်ကနေပြီးတော့ ထွက်ပေါ်လာတဲ့ စိတ်ဓာတ်တွေဟာ ကျွန်မတို့နိုင်ငံရဲ့ ညီညွတ်ရေးအတွက်၊ စုပေါင်းလုပ်ဆောင်ရေးအတွက် အထောက်အကူ မဖြစ်ပါဘူး” ဟု သူမက ဆိုသည်။

ယနေ့ ထုတ်ပြန်လိုက်သည့် လူငယ်ရေးရာမူဝါဒတွင် လူငယ်များရရှိနိုင်သော အခွင့်အလမ်းများ၊ လူငယ်များ၏ တာဝန်ဝတ္တရားများ ပါဝင်ပြီး အဆိုပါ မူဝါဒကို ဆက်စပ်ဝန်ကြီးဌာနများအားလုံး၊ လူငယ်များအားလုံး တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်ပေးကြရန်လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသွားသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly