ဟယ်ရီကိန်းက တောင်းဆိုမှသာ ရောင်းချမည်ဟု စပါးနည်းပြပိုချက်တီနိုပြော

ဟယ်ရီကိန်းက တောင်းဆိုမှသာ ရောင်းချမည်ဟု စပါးနည်းပြပိုချက်တီနိုပြော

 

ဇန်နဝါရီ ၅၊ အင်္ဂလန် ။                  ။ စပါးနည်းပြပိုချက်တီနိုက တိုက်စစ်မှူးဟယ်ရီကိန်းကို လုံးဝရောင်းချမည်မဟုတ်ကြောင်း ပြောဆိုလိုက်သည်။ သို့သော် ဟယ်ရီကိန်းဘက်မှ အသင်းပြောင်းခွင့်ပြုရန်တောင်းဆိုလာမှသာ စပါးအသင်းဘက်က စဉ်းစားသွားမည်ဟု ပိုချက်တီနိုက ဆိုသည်။

လက်ရှိအချိန်တွင် ဟယ်ရီကိန်းကို ရီးယဲလ်အသင်းက စိတ်ဝင်စားနေသည်ဟု သတင်းများထွက်ပေါ်နေပြီး ရီးယဲလ်ပရိသတ်များကလည်း အင်္ဂလန်တိုက်စစ်မှူးကိုခေါ်ယူပေးရန် တောင်းဆိုလျက်ရှိနေကြသည်။ စပါးအသင်းအနေဖြင့်လည်း ဟယ်ရီကိန်းမတိုင်ခင်က ဂါရတ်ဘေးလ်နှင့်မိုဒရစ်တို့ကို ရီးယဲလ်အသင်းထံရောင်းချခဲ့ဖူးသည်။

“ဟယ်ရီကိန်းအနေနဲ့ စပါးအသင်းမှာ ဂိုးတွေအများကြီးဆက်သွင်းပြီး ဆုဖလားတွေရယူကာ အချိန်အကြာကြီးဒီမှာပဲ နေသွားစေချင်ပါတယ်။ ဒါက ကျွန်တော်တို့ ဖြစ်စေချင်တာပါ။ အခုရီးယဲလ်က ကိန်းကို စိတ်ဝင်စားနေပါတယ်။ ရီးယဲလ်ကို ပြောချင်တာက ကိန်းကို ကျွန်တော်တို့မရောင်းချင်ပါဘူး။ ကိန်းကလည်း စပါးအသင်းကို ချစ်ပါတယ်။ ကိန်းကို ဘယ်လောက်တန်တယ်ဆိုပြီး သတ်မှတ်ထားခြင်းမရှိသလို သူက စျေးကွက်ထဲမှာရှိနေသူလည်း မဟုတ်ပါဘူး။

ဒါပေမဲ့ ကစားသမားဘက်က ဘေးလ်နဲ့မိုဒရစ်တို့လို တောင်းဆိုလာခဲ့ရင်တော့ အပြောင်းအရွှေ့ကို ကျွန်တော်တို့ မြင်ရဖို့ ရှိပါတယ်။ ဒါပေမဲ့ အခုတော့ ဒီလိုအဖြစ်အပျက်မျိုးဖြစ်လာဖို့ မရှိသေးပါဘူး” ဟု စပါးနည်းပြ ပိုချက်တီနိုက ပြောဆိုခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly