မန္တလေးခရိုင်အတွင်း ဒုစရိုက်မှုများ လျော့နည်းပပျောက်စေရန် စစ်ဆင်ရေးဖြင့်နှိမ်နင်းမည်

မန္တလေးခရိုင်အတွင်း ဒုစရိုက်မှုများ လျော့နည်းပပျောက်စေရန် စစ်ဆင်ရေးဖြင့်နှိမ်နင်းမည်
(ဓာတ်ပုံ-မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့)

 

မန္တလေး၊ဇန်နဝါရီ ၅ ။         ။ ၂၀၁၈ခုနှစ်တွင် မန္တလေးခရိုင်အတွင်း ဒုစရိုက်မှုများ လျှော့နည်းပပျောက်စေရန်အတွက် စစ်ဆင်ရေးတစ်ရပ်ချမှတ်၍ ဆောင်ရွက်သွားမည်ဟု ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မျိုးအောင်က ပြောသည်။

"ကျွန်တော်တို့ စစ်ဆင်ရေး နာမည်တော့မပေးရသေးဘူး။မှုခင်းကျဆင်းရေးအတွက်ကတော့ လုပ်နေတာပါပဲ။ဒါပေမယ့် အခုကတော့ စစ်ဆင်ရေးအနေနဲ့လုပ်သွားပါမယ်။"ဟု ဒုရဲမှူးကြီး မျိုးအောင်ကပြောသည်။

ထိုသို့ဆောင်ရွက်ရာတွင် မှုခင်းဖြစ်နိုင်ခြေရှိသည့် မြို့နယ်များကို အဓိက ဦးစားပေးဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရသည်။

"ဖြစ်နိုင်ချေရှိတဲ့ မြို့နယ်တွေကိုရွေးချယ်ပြီး ဆောင်ရွက်မယ်။နှစ်မြို့နယ် တစ်ဖွဲ့ပူးပေါင်းပြီးဆောင်ရွက်သွားမယ်။ပြည်သူတွေအနေနဲ့လည်း ပူးပေါင်းဆောင်ရွက်ပေးစေချင်တယ်။"ဟု ဒုရဲမှူးကြီး မျိုးအောင်ကပြောသည်။

ယခုလို စစ်ဆင်ရေးတစ်ရပ်ချမှတ်၍ လုပ်ဆောင်ခြင်းသည် ပြည်သူလူထုအနေဖြင့် အချိန်မရွေး လွတ်လပ်အေးချမ်းစွာ သွားလာလုပ်ကိုင်စားသောက်နို်င်ရေးအတွက်ဖြစ်ပြီး စစ်ဆင်ရေးဖြင့်လုပ်ဆောင်မည့် အချက်များကို ဒုရဲမှူးကြီး မျိုးအောင်က ထုတ်ဖော်ပြောကြားခြင်းမရှိပေ။

မန္တလေးခရိုင်အတွင်းတွင် ၂၀၁၇ခုနှစ်၌ လူသတ်မှု ၄၁မှု၊ဓါးပြမှု ၂ မှု၊လုယက်မှု ၁၇ မှု၊မုဒိမ်းမှု ၃၅ မှု၊ဖောက်ထွင်းမှု ၂ မှု၊တိရစ္ဆာန်မှု ၁ မှုနှင့်မတရားအသင်း ၁ မှု စုစုပေါင်း ၉၉ မှုဖြစ်ပွားခဲ့ပြီး ၎င်းအမှုများထဲမှ အမှုပေါင်း ၈၀ ကို တရားစွဲဆိုနိုင်ခဲ့ကာ၊ ၁၆မှု တရားစွဲဆိုနိုင်ရန်ကျန်နေသေးပြီး ၃ မှုမှာ အမှုပိတ်သိမ်းခဲ့ကြောင်း ခရိုင်ရဲတပ်ဖွဲ့ထုတ်ပြန်ချက်အရ သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly