လွှတ်တော်အမတ်များ ရေဘေးကူပါ

လွှတ်တော်အမတ်များ ရေဘေးကူပါ

ရေဘေးကူညီရန် အကြောင်းပြချက်ဖြင့် အမျိုးသားလွှတ်တော်ကို ရပ်ဆိုင်းရန် အရေးကြီးအဆို တင်ရာ အဆိုအောင်ခဲ့သဖြင့် ရပ်နားခဲ့ပေသည်။ ပြည်သူ့လွှတ်တော်ဘက်တွင်မူ ဥက္ကဋ္ဌက ကူလိုသူအ မတ်များ ခွင့်ယူပြီး ကူကြပါ ဟုဆိုသဖြင့် မရပ်ဘဲ လွှတ်တော်ဆက်သွားခဲ့သည်။

တစ်ဘက်တွင်လည်း လွှတ်တော်အမတ်များသည် နောက်တစ်ကြိမ် ပြန်လည်ရွေးကောက်ခံနိုင် ပါရန် မဲဆွယ်စည်းရုံးရေးများကို စက်တင်ဘာ ၈ တွင် စတင်ကြရမည်ဖြစ်ရာ လွှတ်တော်များသည် မကြာမီ ရပ်ဆိုင်းကုန်ကြပေတော့မည်။

အရေးကြီးအဆိုတင်ပြီး ရေဘေးကူလိုသော လွှတ်တော်သည်လည်းကောင်း၊ ခွင့်ယူပြီး ရေဘေး ကူကြမည့် လွှတ်တော်အမတ်များသည်လည်းကောင်း သန်းနှင့်ချီ အရေအတွက်ရှိ ရေဘေး သင့် မဲဆန္ဒရှင်ပြည်သူများကို အမှန်တကယ် ကူညီသင့်ကြပါသည်။

ပြည်သူ့ကိုယ်စားလှယ် လွှတ်တော်အမတ်တိုင်းသည် ကြွယ်ဝချမ်းသာသူများ မဟုတ်နိုင်ကြ သည့် အားလျော်စွာ မိမိတို့မဲဆန္ဒနယ်တွင်းရှိ ရေဘေးသင့် မဲဆန္ဒရှင်ပြည်သူများကို ကိုယ်၏စောင်မခြင်း ၊နှုတ်၏စောင်မခြင်းတို့ဖြင့် ကူညီနိုင်ကြပါသည်။ အားပေးနှစ်သိမ့်ခြင်း အမှုကို ပြုနိုင်ကြပါသည်။

ရပ်ကျော်ရွာကျော် တိုင်းသိပြည်သိ ပြောဆိုထားသည့်အတိုင်း လွှတ်တော်ကြီးနှင့် လွှတ်တော် အမတ်များသည် ရေဘေးသင့်ပြည်သူများနှင့် ယင်းပြည်သူများ မွေးမြူ စောင့်ရှောက်ခိုင်းစေသော တိရစ္ဆာန်များ ၏ ကျန်းမာရေး၊ ရေမြုပ်လယ်ယာများကို အချိန်မီ ပြန်လည်ထွန်ယက် စိုက်ပျိုးနိုင်ရေးနှင့် မျိုးစပါး ရရှိရေးတို့တွင် တတ်အားသမျှ ကူညီဆောင်ရွက် ပေးသင့်ကြသည်။

ထိုသို့ ကူညီရင်းဖြင့် မဲဆန္ဒရှင်ပြည်သူများနှင့် တသားတည်း ကျသွားမည်ဖြစ်ပြီး နောက်တစ် ကြိမ် ထပ်မံ ရွေးကောက်တင်မြှောက် ခံရရေးအတွက်လည်း အမှတ်တက်လာစရာ ရှိပေသည်။ ပြည်သူများသည် ဒုက္ခနှင့် ကြုံတွေ့ရချိန်တွင် ပြည်သူ့ကိုယ်စားလှယ်များကို များစွာ အားကိုးကြမည် ဖြစ်သည်။ ယခုအခါ လွှတ်တော်ကို ရပ်ပင်ရပ်လိုက်သည့်အတွက် ရေဘေးသင့် မဲဆန္ဒရှင် ပြည်သူများ သည်လွှတ်တော် ကိုယ်စားလှယ်များ၏ ကူညီစောင့်မမှုကို မျှော်လင့်နေနိုင်ပေသည်။

ရွေးကောက်ပွဲဝင်ကြမည့် ကိုယ်စားလှယ်လောင်းများကို ရွေးကောက်ပွဲကော်မရှင်၏ စိစစ်ရေး နှင့် ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးမှုများမှာလည်း မကြာမီ စတင်တော့မည်ဖြစ်ရာ လက်ရှိ လွှတ်တော်အမတ်များတွင် အချိန်များများပင် မကျန်တော့ပါ။ ထို့ကြောင့် ရေဘေးသင့် ပြည်သူ များကို မြန်မြန်ဆန်ဆန် ကူညီအားပေးမှုများ ဆောင်ရွက်သင့်ပါသည်။

မကြာမီရက်ပိုင်းအတွင်း ဖြစ်ခဲ့သော အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ခေါင်းဆောင်ပိုင်း အပြောင်းအလဲ ဂယက်ရှိသော်လည်း သြဂုတ် ၂၀ က ပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း အတည်ပြု ပြဋ္ဌာန်းရေး ကို ဆိုင်းငံ့ရန် မဲခွဲဆုံးဖြတ်ပြီးဖြစ်ရာ လွှတ်တော်အမတ်များသည် လက်ရှိလွှတ်တော် သက်တမ်းအ တွင်း လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်ခွင့် မဆုံးရှုံးနိုင်တော့ပေ။

အခြားတစ်ဘက်တွင်လည်း မကြာမီ ဖျက်သိမ်းဖွယ်ရှိသည့် လွှတ်တော်များ ဖျက်သိမ်းအပြီး တွင် လွှတ်တော်အမတ်အဖြစ် ဆက်လက်ရပ်တည်နိုင်မည် မဟုတ်ပါသောကြောင့် “အချိန်ရှိခိုက်၊ လုံ့လစိုက်” ဟုဆိုသည့် ဆောင်ပုဒ်ပါအတိုင်း မဲဆန္ဒရှင်ပြည်သူများအား အလုပ်အကျွေးပြုရန် ရက်ပိုင်း သာ ကျန်တော့သည်ဖြစ်ရာ ရေဘေးသင့်ပြည်သူများကို လွှတ်တော်အမတ်များက ညီညာစွာ ကူပါမည့် အကြောင်း မဇ္ဈိမက တိုက်တွန်းသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags