ကချင်နှင့် ရှမ်းမြောက် တိုက်ပွဲများကြောင့် စစ်ရှောင်ဒုက္ခသည် ၁၀၀၀ ကျော် တိုးလာပြီး စားနပ်ရိက္ခာ လိုအပ်နေ

ကချင်နှင့် ရှမ်းမြောက် တိုက်ပွဲများကြောင့် စစ်ရှောင်ဒုက္ခသည် ၁၀၀၀ ကျော် တိုးလာပြီး စားနပ်ရိက္ခာ လိုအပ်နေ
 ဓါတ်ပုံ  ကချင်စစ်ပြေးဒုက္ခသည်များ ထပ်မံ ပြောင်းရွှေ့ရသည့် ပုံ ခေါန်ဂျာ ဖေ့ဘုတ်

ချင်းမိုင်(မဇ္ဈိမ)၊ဇန်နဝါရီလ ၄ ။           ။ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲနှင့် ကချင်ပြည်နယ် မန်စီမြို့နယ် ဒုက္ခသည်စခန်းများတွင် ဒုက္ခသည်များ ပိုမို တိုးမြှင့်လာပြီး စားနပ်ရိက္ခာများ လိုအပ်နေသည်ဟု စစ်ပြေး ဒုက္ခသည်များအား ကူညီပေးနေသူများက ပြောသည်။

ကျောက်မဲမြို့ပေါ် ရှိ ဒုက္ခသည် စခန်း ၄ ခုတွင် ဒုက္ခသည် ၁၀၀၀ ခန့် တိုးမြှင့်လာပြီး လက်ရှိ စားနပ်ရိက္ခာနှင့် စောင်များ လိုအပ်နေသည်ဟု ဒုက္ခသည်များကို ကူညီပေးနေသော ကျောက်မဲ ဇီဝိတလူမှု ကူညီရေးအသင်းမှ ဦးတင်မောင်သိန်းက ပြောသည်။

“ကျောက်မဲမြို့မှာ စခန်းက ၄ ခု ဖြစ်နေတယ်။ စခန်း ၄ ခုမှာ ၁၀၀၀ နီးပါးရှိမယ်။ သူတို့ စားဝတ်နေရေးကတော့ ကျွန်တော်တို့ ကျောက်မဲမြို့ပေါ်မှာ ရှိနေတဲ့ စေတနာရှင်အဖွဲ့တွေကနေ ဝိုင်းဝန်းပြီးတော့ ကူညီပေးနေတယ်။ အဓိက လိုအပ်နေတာက စောင်နဲ့ ရိက္ခာပါပဲ”ဟု သူက မဇ္စျိမကို ပြောသည်။

အဆိုပါ ဒုက္ခသည် ၁၀၀၀ ခန့်သည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်မှစတင်၍ ကျောက်မဲမြို့ အာပြောင် ကျေးရွာ၊ နမ့်ဆန်မြို့နယ် ကျောက်ဖြူလေး၊ ဟင်တိုင်ကျေးရွာ စသည့် ကျေးရွာ ၃ ခုအနီး တိုက်ပွဲ ဖြစ်ပွားနေခြင်းကြောင့် ထွက်ပြေးလာရခြင်း ဖြစ်သည်ဟု သူက ပြောသည်။

“အဲဒီနယ်မြေ ရွာ ၃ ရွာက မြေပြင်က တဆက်တစပ်ထဲရှိတာ။ မြို့နယ်ဘဲ ကွဲသွားတာ။ နမ့်ဆန်နဲ့ ကျောက်မဲ ကွဲသွားတာ။ အဲဒီနားမှာ တိုက်ပွဲတွေ ဖြစ်ကြတာ တပ်မတော်နဲ့ TNLA တို့ပေါ့။ RCSS နဲ့လည်း အစောပိုင်းက ဖြစ်တာ။ အဲဒီမှာ အနည်း အကျဉ်းဖြစ်တာ။ အခုက အဲဒီမှာ တပ်မတော်ရယ်၊ TNLA ရယ်၊ RCSS ရယ် ပွင့်ဆိုင် ရင်ဆိုင်တိုက်ကြတာ။ ပစ်ခတ်မှုက စိပ်လာတာ။ အဲဒါကြောင့် ထွက်ပြေးလာတာ”ဟု ဦးတင်မောင်သိန်းက ပြောသည်။

ပြီးခဲ့သည့် ၂ ရက် ၃ ရက်ခန့်က ကျောက်မဲမြို့ပေါ် စစ်ပြေးဒုက္ခသည် ထောင်ချီတိုးလာကြောင်း၊ အလားတူ နမ့်ခမ်း ဒုက္ခသည် စခန်းတွင်လည်း ဒုက္ခသည် ၁၀၀ ကျော် တိုးမြင့်လာမှုများ ရှိပြီး မန်ဝင်းကြီး ဒုက္ခသည်စခန်းတွင်လည်း ဒုက္ခသည်များ တိုးမြှင့် လာမှုများ ရှိနေသော်လည်း ဦးရေအတိအကျ မသိရသေးကြောင်း စစ်ပြေးဒုက္ခသည်များအားကူညီထောက်ပံ့ပေးနေသော ပူးပေါင်း လုပ်ငန်းစဉ်အဖွဲ့ (JST) မှ ပြောရေးဆိုခွင့်ရှိသူ ဦးဂွမ်ရှာအောင် ပြောသည်။

အဆိုပါ ဒုက္ခသည်များအတွက် လတ်တလော ဒေသခံ အဖွဲ့အစည်းများက ကူညီထောက်ပံ့ပေးနေသော်လည်း ရေရှည်တွင် စားနပ်ရိက္ခာများ လိုအပ်မှုများ ရှိလာမည် ဖြစ်ကြောင်း သူက မဇ္စျိမကို ပြောသည်။

“လတ်တလော အနေအထားအရတော့ အတတ်နိုင်ဆုံး အဲဒီမှာရှိတဲ့ ဒေသခံအဖွဲ့ တွေ အနေနဲ့ အကူအညီပေးနေတာတော့ ရှိတယ်။ ဒါပေမဲ့ ရေရှည်ကျရင်တော့ တော်တော်ခက်ခဲလာမယ်။ လတ်တလော ရှိရင်းစွဲ အိုင်ဒီပီတွေကို ကူညီနေတဲ့ အထောက်အပံ့တွေတောင် တော်တော် လျော့လာတယ်ဆိုတော့ အခု အသစ်ပြန်တိုးလာပြီဆိုရင် သူတို့ကို ပြန်ပြီးမှ ရေရှည်ထောက်ပံ့ဖို့ စိန်ခေါ်မှုတွေ ရှိလာမှာ ဖြစ်ပါတယ်”ဟု ဦးဂွမ်ရှာအောင်က ပြောသည်။

ဒီဇင်ဘာလကုန်ပိုင်းမှစတင်၍ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်၊ ကျောက်မဲ၊ နမ္မတူ၊ နမ့်ခမ်း၊ မန်တုံ စသည့် မြို့နယ်အတွင်း တပ်မတော်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ကချင်ပြည်နယ် တနိုင်းဒေသနှင့် မန်စီမြို့မြို့နယ်အတွင်းမှာလည်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIA)နှင့် တပ်မတော်တို့အကြား စစ်ရေးတင်းမာနေဆဲ ဖြစ်သည်ဟု သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly