ရွေးကောက်ပွဲစောင့်ကြည့်ရေး အီးယူ နှင့် မြန်မာအစိုးရ သဘောတူလက်မှတ်ထိုး

ရွေးကောက်ပွဲစောင့်ကြည့်ရေး အီးယူ နှင့် မြန်မာအစိုးရ သဘောတူလက်မှတ်ထိုး
ဓာတ်ပုံ- EU

ရန်ကုန် (မဇ္ဈိမ) ။ ။ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် မြန်မာနိုင်ငံ၏ အထွေထွေ ရွေးကောက်ပွဲဆိုင်ရာ လေ့လာစောင့်ကြည့်ရေး အတွက် ဥရောပ သမဂ္ဂ (အီးယူ) နှင့် မြန်မာအစိုးရတို့အကြား နားလည်မှုစာချွန်လွှာ (MOU) ကို သြဂုတ် ၂၁ရက်က လက်မှတ်ရေးထိုးလိုက်သည်။ 

ထိုနားလည်မှု စာချွန်လွှာအရ ဥရောပသမဂ္ဂ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ပံ့ပိုးကူညီမှု အစီအစဉ် တစ်ခုဖြစ်သည့် ဥရောပသမဂ္ဂရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့ (EOM) သည် လာမည့် ရွေးကောက်ပွဲအား အပြည့်အဝ လေ့လာစောင့်ကြည့်ခွင့်ရရှိမည်ဖြစ်သည်။ 

ထိုသို့ စောင့်ကြည့်လေ့လာရန် မြန်မာအစိုးရက တရားဝင် ဖိတ်ကြားလိုက်ခြင်းဖြစ်သည်။ 

နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို သြဂုတ် ၂၁ရက်တွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တွင် ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီးရိုလန်ကိုဘီယာ နှင့် နိုင်ငံတကာရွေးကောက်ပွဲ လေ့လာသူများအတွက် တာဝန်ခံဖြစ်သူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဒေါက်တာ ဒေါ်မြင့်ကြည်တို့ လက်မှတ်ရေးထိုးခဲ့ကြသည်။ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးလည်း တက်ရောက်ခဲ့သည်ဟု ဥရောပ သမဂ္ဂက သတင်းထုတ်ပြန်ထားသည်။

"ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ခြင်းဟာ အားလုံးပါဝင်နိုင်မှု၊ ပွင့်လင်းမြင်သာမှု၊ ယုံကြည်လက်ခံနိုင်မှုတွေရှိတဲ့ ရွေးကောက်ပွဲများကို ကူညီပံ့ပိုးချင်တဲ့ ဥရောပသမဂ္ဂရဲ့ဆန္ဒကို ထုတ်ဖော် ပြသတာလည်း ဖြစ်တဲ့အပြင် ဒီမိုကရေစီ၊ တရားဥပဒေစိုးမိုးရေး နှင့် လူ့အခွင့်အရေးကို အားဖြည့်ဖို့အတွက် ဥရောပသမဂ္ဂရဲ့ မူဝါဒအစိတ်အပိုင်းလည်းဖြစ်တယ်”ဟု မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီးရိုလန်ကိုဘီယာက ပြောကြားသည်။

ဥရောပသမဂ္ဂ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့တွင် ကနေဒါ၊ ဆွစ်ဇာလန်၊ နော်ဝေနိုင်ငံများမှ လေ့လာစောင့်ကြည့်သူများနှင့် မြန်မာနိုင်ငံရှိ ဥရောပသမဂ္ဂအဖွဲ့ဝငနိုင်ငံများ သံတမန်များအပြင် ဥရောပသမဂ္ဂအဖွဲဝင်နိုင်ငံများစွာမှ ရွေးကောက်ပွဲဆိုင်ရာ ရေရှည်၊ ရေတိုလေ့လာစောင့်ကြည့်သူဦးရေ တစ်ရာကျော် ပါဝင်မည် ဖြစ်သည်။

လေ့လာစောင့်ကြည့်ရေးအဖွဲ့သည် ရွေးကောက်ပွဲလုပ်ငန်းစဉ် ပြီးဆုံးသည်အထိ ဆက်ရှိနေမည် ဖြစ်ပြီး လေ့လာဆန်းစစ်မှုကို နိုင်ငံတကာစံချိန်စံနှုန်းများ နှင့် ကိုက်ညီမှုရှိစေရန် အသေအချာပံ့ပိုး ဆောင်ရွက်ပေးသွားမည်ဟု ဥရောပ သမဂ္ဂက ထုတ်ပြန်ထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly