ရခိုင်ကမ်းရိုးတန်းမှ ငါးဖမ်းသမားများအား အစားထိုး သက်မွေးဝမ်းကြောင်းများ ဖန်တီးပေးရန် လိုအပ်ဟု ဆို

ရခိုင်ကမ်းရိုးတန်းမှ ငါးဖမ်းသမားများအား အစားထိုး သက်မွေးဝမ်းကြောင်းများ ဖန်တီးပေးရန် လိုအပ်ဟု ဆို
ဓာတ်ပုံ -  ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့က ရခိုင်ပင်လယ်ကမ်းစပ်သို့ သောင်တင်လာသည့် ဝေလငါးကြီးကို အသက်ရှင်လျှင် လွှတ်ပေးခဲ့စဉ်က (ဓာတ်ပုံ - RiA)

စစ်တွေ၊ ဇန်နဝါရီ ၄ ရက်။      ။  မြန်မာ့ ပင်လယ်ပြင် ကမ်းရိုးတန်းတလျှောက် ကျက်စားနေထိုင်သည့်၊ ပျောက်ကွယ် လုနီးပါးဖြစ်နေသော ရေနေ နို့တိုက်သတ္တဝါများကို ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် ဖမ်းယူရောင်းချခြင်းများ ပြုလုပ်လျှင် မြန်မာနိုင်ငံငါးလုပ်ငန်းဥပဒေအရ အရေးယူသွားမည်ဟု ဇန်နဝါရီလ ၃ ရက်နေ့က သတင်းထုတ်ပြန်ပြီးနောက် ရခိုင်ကမ်းရိုးတန်းမှ ငါးဖမ်းသမားများအား အစားထိုး သက်မွေးဝမ်းကြောင်းများ ဖန်တီးပေးရန် လိုအပ်ကြောင်း တောင်းဆိုလာကြသည်။

ယင်းထုတ်ပြန်ချက်အရ ကမ်းရိုးတန်းဒေသများဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်အပါအဝင် ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်တို့သည် အကျုံးဝင်နေပြီး ရေနေနို့တိုက်သတ္တဝါ များအား အသက်ရှင်လျက် ဖြစ်စေ၊ သေဆုံးလျက်ဖြစ်စေ အများဆုံး တွေ့ရှိရသည့် ဒေသဖြစ်သော ရခိုင်ကမ်းရိုးတန်း ဖြစ်သည်။  

ထို့ကြောင့် ထုတ်ပြန်ချက်ပါအတိုင်း စည်းကမ်း များကို လိုက်နာနိုင်ရန်အတွက် ပင်လယ်နေ ရှားပါးသတ္တဝါများ အား ဘေးမဲ့ပေးရမည်ဆိုလျှင် ငါးဖမ်းသမားများ ၏ စားဝတ်နေရေးအတွက် အစားထိုး သက်မွေးဝမ်းကြောင်း လုပ်ငန်းများကို  ဖန်တီးဖော်ဆောင်ပေးသင့်သည် ဟု ကမ်းရိုးတန်းငါးဖမ်းသမားများက တောင်းဆိုမှုများ ရှိလာခြင်း ဖြစ်သည်။

“ ငါးမဖမ်းရ ရာသီ၊ ငါးမဖမ်းရ ဧရိယာတွေမှာ ငါးမဖမ်းရဘူး တားမြစ်တယ်။ အဲဒီလိုလုပ်တဲ့အခါမှာ အစိုးရ အနေနဲ့ အစားထိုး သက်မွေးဝမ်းကျောင်းတွေ လုပ်ပေးနိုင်ရင် ပိုကောင်းမယ်။ ဥပမာ- ဒီနားမှာ ငါးမဖမ်းရဘူးလို့ ပြောလိုက်ရင်။ ငါတို့ဘယ်လို လုပ်စားရမလဲလို့ ပြောတဲ့သူတွေရှိတယ်။” ဟု ကျောက်ဖြူခရိုင် ငါးလုပ်ငန်း ဦးစီးဌာန ဦးစီးဌာနမှူး ဦးထွန်းသိန်းက ပြောသည်။

ရခိုင်ကမ်းရိုးတန်းဒေသတစ်ခုဖြစ်သည့် ကျောက်ဖြူခရိုင် မာန်အောင်မြို့နယ်တို့တွင် ဘေးမဲ့အဖြစ် သတ်မှတ် ထားသော ဝေလငါးနှင့် ရေဝက်များကို အသက်ရှင်လျှက်သော်လည်းကောင်း   သေလျှက်သော်လည်းကောင်း မကြာခဏ တွေ့နေရသည်။

ရခိုင်ကမ်းရိုးတန်းဒေသ မာန်အောင်မြို့နယ်၊ ခအုန်းမော်ကျေးရွာ ပင်လယ်ကမ်းစပ်တွင် ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့က အလျား ၂၂ ပေ ၃ လက်မ၊ လုံးပတ် ၈ ပေ ၂ လက်မ၊ ဘေးယပ် ၃ ပေ၊ အမြီး ၃ ပေ ၄ လက်မ၊ ဦးခေါင်း ၅ ပေနှင့် အလေးချိန် ၂ တန်ရှိသည့် အနက်ရောင် ဝေလငါးကြီးတစ်ကောင် အသက်ရှင် လျှက် သောင်တင်နေသည်ကို ပြန်လည် လွှတ်ပေးခဲ့သည့်အတွက် ပထမဆုံးအကြိမ် လွှတ်ပေးနိုင်ခဲ့ခြင်းဟု မြန်မာ့ငါးလုပ်ငန်းသမိုင်းတွင် မှတ်တမ်းဝင်ခဲ့သည်။

အလားတူစွာ သံတွဲခရိုင်၊ ဂွမြို့နယ်တွင်လည်း အလျား ၃၃ ပေ၊ လုံးပတ် ၁၆ ပေရှိသော ရေဝက်တစ်ကောင်ကို ၂၀၁၆ ခုနှစ် မတိုင်မီက တွေ့ရှိခဲ့ကြောင်းနှင့် ကုလားတန်မြစ်ကြောင်း တစ်လျှာက်တွင်လည်း အဆိုပါ ရေဝက်များကို မကြာခဏ တွေ့ရှိရသလို တစ်ခါတစ်ရံတွင် သေလျှက်တွေ့ရနေရသည်ဟု ကျောက်ဖြူခရိုင်၊ ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။

ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ဘေးမဲ့ ငါးတားမြစ်ရေး အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်လျှက်ရှိ သော်လည်း ယင်းဌာနတွင် ရှိသည့် ဝန်ထမ်းအင်အားနှင့် လောက်ငှမျှတမှု မရှိသည့်အတွက် ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့လိုအပ်နေသည်ဟုလည်း ကျောက်ဖြူခရိုင် ငါးလုပ်ငန်း ဦးစီးဌာန ဦးစီးဌာနမှူး ဦးထွန်းသိန်းက ပြောသည်။

“ ကျောက်ဖြူခရိုင် မာန်အောင်ကျွန်းမှာပေါ့။ ဝေလငါးအသေတွေ သောင်တင်တယ်။ အဲဒါတွေကို ကျွန်တော် တို့က မြေမြှပ် သဂြိုဟ်တယ်။ အရှင် တွေ့တာတွကိုလည်း တွေ့ရင် အမြန်ဆုံးလွှတ်ဖို့ ပညာပေးဟောပြောပွဲတွေ မှာ ထည့်ပြောတယ်။”ဟု ဦးထွန်းသိန်းက ပြောသည်။

မြန်မာနိုင်ငံ ငါးလုပ်ငန်းဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ အဆိုပါ ရေနေသတ္တဝါများအား အနာတရ ဖြစ်စေခြင်း၊ ဖမ်းဆီး သတ်ဖြတ်ခြင်း၊ ခွင့်ပြုပြုချက်မရဘဲ တစ်ဦးတစ်ယောက်ထံသို့ဖြစ်စေ၊ ပြည်ပသို့ဖြစ်စေ ရောင်းချခြင်းများ မပြုလုပ်ရန်နှင့် ထိုသတ္တဝါမျိုးစိပ်များကို မတော်တဆ အသက်ရှင်လျှက် ဖမ်းဆီးရမိပါက အမြန်ဆုံး လွှတ်ပေးရမည်ဟု ဖော်ပြပါရှိသည်။

အထူးသဖြင့် မျိုးတုန်းပျောက်ကွယ်လုနီးပါးဖြစ်နေသော ရေဝက်၊ ဝေလငါးပြာ၊ ဧရာဝတီလင်းပိုင်၊ ကျောဘို့ပါ လင်းပိုင်၊ လင်းရှု၊ ဘရိုင်းဝေလငါး၊ ဖယောင်းဆီထုတ်ခေါင်းကြီး ဝေလငါး၊ ကျောရိုးဆူးကောင်ကြီး ဝေလငါးနှင့် စသည့် ရေနေသတ္တဝါများကို ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် ရောင်းချခြင်းများ လုံးဝ မပြုလုပ်ရန်ကို သတိပေး တားမြစ်ထားသည်။

၂၀၁၆ ခုနှစ် အစောပိုင်းကာလက နော်ဝေနိုင်ငံမှ ရခိုင်ပင်လယ်ပြင်သို့ လာရောက် သုတေသနပြုခဲ့သည့် အစီရင်ခံစာအရ ရခိုင်ပြည်နယ်အတွင်း ရေပေါ် ငါး ၁၀ ရာခိုင်နှုန်းနှင့် ရေအောက်ငါး ၃၅ ရာခိုင်နှုန်းသာ ကျန်ရှိတော့ပြီဖြစ်ပြီး၊ ငါးဖမ်းဆီးမှု ပမာဏမှာ တစ်နှစ်လျှင် တန်ချိန် တစ်သန်းအထိ ရှိနေကာ ထို ပမာဏ အတိုင်း ဆက်လက် ဖမ်းဆီးနေမည်ဆိုပါက လာမည့် ၅ နှစ်အတွင်း ရခိုင်ကမ်းရိုးတန်းတွင် ငါးပြုန်းတီးမှုနှင့် ရင်ဆိုင်ရမည်ဖြစ်သဖြင့် ဖမ်းဆီးမှုကို တစ်နှစ်လျှင် တန်ချိန် ၁ သန်းအထိ လျှော့ချဖမ်းဆီးသင့် ကြောင်း တိုက်တွန်းဖော်ပြပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly