ရာသီသစ်အတွက် မြန်မာ့လက်ရွေးစင် ယူ ၁၉ ကြယ်ပွင့် ကစားသမား (၃)ဦးကို တစ်ပြိုင်တည်း ခေါ်ယူခဲ့တဲ့ ရတနာပုံအသင်း

ရာသီသစ်အတွက် မြန်မာ့လက်ရွေးစင် ယူ ၁၉ ကြယ်ပွင့် ကစားသမား (၃)ဦးကို တစ်ပြိုင်တည်း ခေါ်ယူခဲ့တဲ့ ရတနာပုံအသင်း
(ဓာတ်ပုံ - MNL)

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ချန်ပီယံဆုဖလားကို ကာကွယ်နိုင်ခဲ့ခြင်း မရှိတဲ့ ရတနာပုံအက်ဖ်စီအသင်းဟာ လာမယ့် ၂၀၁၈ မြန်မာနေရှယ်နယ်လိဂ်ပြိုင်ပွဲအတွက် ကစားသမား ခေါ်ယူမှုကို အရှိန်အဟုန်မြှင့် ပြုလုပ်နေတာကို တွေ့ရပါတယ်။

လာမယ့် ၂၀၁၈ ဘောလုံးရာသီကို ပြည်တွင်းကစားသမားများဖြင့်သာ ဖြတ်သန်းမယ်လို့ ဆိုထားခဲ့တဲ့ ရတနာပုံ အသင်းအနေနဲ့ မြန်မာ့လက်ရွေးစင် ယူ ၁၉ အသင်းမှ အားထားရတဲ့ တိုက်စစ်မှူး ဝင်းနိုင်ထွန်း၊ ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ပြည့်စုံနိုင်နှင့် မြတ်ကောင်းခန့်တို့ကို အပြီးသတ် ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ 

ရတနာပုံအက်ဖ်စီ အသင်းဟာ မြန်မာဘောလုံးအကယ်ဒမီထွက်-မန္တလေး ကစားသမား သုံးဦးကို တစ်ရာသီ သဘောတူစာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့တာဖြစ်ကြောင်း ကနဦး သိရှိထားရပါတယ်။

ချန်ပီယံဟောင်း ရတနာပုံ အသင်းအနေနဲ့ သက်နိုင်၊ သိန်းသန်းဝင်း အစရှိတဲ့ စီနီယာ ကစားသမားတွေကို သက်တမ်းတိုး စာချုပ်များ ချုပ်ဆိုနိုင်ခဲ့တဲ့အပြင် ချမ်းငြိမ်းကျော် (ဂိုး)၊ နောက်ခံလူတွေဖြစ်တဲ့ ထလွန်ဟုတ်ထန်း၊ အောင်ဝဏ္ဏစိုးနှင့် တောင်ပံတိုက်စစ်ကစားသမား ဘီဘီတို့ကိုလည်း ခေါ်ယူထားခဲ့ပြီးဖြစ်ပါတယ်။

ဒါ့ကြောင့် နည်းပြသစ် ဦးအောင်ကျော်မိုး ဦးဆောင်လာမယ့် ရတနာပုံအသင်းရဲ့ အပြောင်းအရွှေ ့ကာလအတွင်း ကစားသမားသစ် ခေါ်ယူမှုမှာ ရ ဦး အထိ ရှိလာခဲ့ပါတယ်။

ရာသီသစ်အတွက် အသင်းရဲ့ အဓိက တိုက်စစ်မှူး အောင်သူကို လက်လွှတ်လိုက်ရတဲ့ အနေအထားမှာ ဝင်းနိုင်စိုး၊ ရှိုင်းသူရ၊ ဝင်းနိုင်ထွန်း၊ ပြည့်စုံနိုင်၊ ဘီဘီ အစရှိတဲ့ လူငယ် တိုက်စစ် အစုအဖွဲ့နဲ့ ပွဲထွက်လာမယ့် မန္တလေးတိုင်းဒေသကြီး ကိုယ်စားပြု အသင်းရဲ့ ၂၀၁၈ မြန်မာနေရှယ်နယ်လိဂ်မှာ ဘယ်အတိုင်းအတာအထိ ခရီးပေါက်မလဲဆိုတာကို စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

Source: Myanmar National League

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly