ဖြိုးကိုကိုတင့်ဆန်းကို ရာဇဝတ်ကြီးမှု ၈မှုဖြင့် ဒက္ခိဏခရိုင်တရားရုံးတွင် စွဲချက်တင်

ဖြိုးကိုကိုတင့်ဆန်းကို ရာဇဝတ်ကြီးမှု ၈မှုဖြင့် ဒက္ခိဏခရိုင်တရားရုံးတွင် စွဲချက်တင်
ဖြိုးကိုကိုတင့်ဆန်းပါ (၈)ဦးကို ဒက္ခိဏခရိုင်တရားရုံးသို့ ယနေ့ ဇန်နဝါရီ ၃ရက်၊ နံနက် ၁၁နာရီခွဲတွင် ရုံးထုတ်လာစဉ်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)
 

နေပြည်တော်(ဇန်နဝါရီ ၃ရက်၊ ၂၀၁၈ခုနှစ်)။ ။ လွန်ခဲ့သည့် နှစ်လနီးပါးက နေပြည်တော်တွင် သေနတ်များအပါအဝင် မူးယစ်ဆေးဝါးတစ်ချို့ကို လက်ဝယ်တွေ့ပြီးနောက် ဖမ်းဆီးခံထားရသည့် ဝန်ကြီးဟောင်း ဦးတင့်ဆန်း၏သားဖြစ်သူ ဖြိုးကိုကိုတင့်ဆန်းအား ဒက္ခိဏခရိုင်တရားရုံးတွင် တရားလိုရဲဘက်က စွဲချက်တင်ထားသည်မှာ ဇန်နဝါရီ ၃ရက်အထိ ရာဇဝတ်ကြီးအမှုပေါင်း ၈မှုအထိ ရှိနေပြီဖြစ်သည်။

စွဲချက်တင်ထားသည့် ရာဇဝတ်ကြီးမှု ၈မှုမှာ လက်နက်ဥပဒေ ပုဒ်မ ၁၉(က)၊ ၁၉(စ)အပါအဝင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၅၊ ၁၆(က)၊ ၂၁၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် ပုဒ်မ ရ၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇နှင့် ပို့ကုန်၊ သွင်းကုန်ဥပဒေ ပုဒ်မ ၈တို့ဖြစ်သည်။

ယနေ့ ဇန်နဝါရီ ၃ရက်၊ နံနက် ၁၁နာရီ ၃၀မိနစ်တွင် ဖြိုးကိုကိုတင့်ဆန်းအပါအဝင် စုစုပေါင်း (၈)ဦးကို ဒက္ခိဏခရိုင်တရားရုံးတွင် ရုံးထုတ်လာပြီး ရာဇဝတ်ကြီးမှု (၈)မှုစလုံးတွင် ဖြိုးကိုကိုတင့်ဆန်းကို စွဲချက်တင်ထားပြီး ကျန် ရဦးကိုမူ ငြိစွန်းသည်ဟု ရဲက ယူဆသည့်အမှုတချို့တွင် ဖြိုးကိုကိုတင့်ဆန်းနှင့်တွဲဖက်၍ စွဲချက်တင်ထားသည်ကို တွေ့ရသည်။

အဆိုပါ ရာဇဝတ်ကြီးအမှု ၈မှုအပြင် အမှုနှင့်ဆက်စပ်သည့် တရားခံပြေးမှု (၂)မှုကိုလည်း တရားလိုရဲဘက်က တရားရုံးတွင် စွဲချက်တင်ထားသေးသည်။ အမှုတွင် တရားလိုအဖြစ် စွဲချက်တင်ထားသည့် ရဲများမှာ အမြင့်ဆုံး ရဲမှူး၊ ဒုရဲမှူးမှ အနိမ့်ဆုံး ရဲအုပ်အဆင့်အထိ ရှိသူများ ဖြစ်သည်။

“အားလုံး ရာဇဝတ်ကြီးမှု (၈)မှုရယ်၊ တရားခံပြေးမှု ၂မှုရယ် ဒါပဲရှိတယ်။ တရားခံက အားလုံး (၈)ဦးပဲ။ (၈)ဦးအပေါ်မှာမှ အမှုကို လှည့်ပြီးတော့ ငြိစွန်းတဲ့ပုဒ်မတွေနဲ့ပေါ့။ ရဲစစ်ဆေးချက်အရ ငြိစွန်းတဲ့ပုဒ်မတွေ တပ်ပြီးတော့ တရားစွဲတာ” ဟု ဒက္ခိဏခရိုင်တရားရုံးမှ ဒုတိယတရားသူကြီး ဦးခင်မောင်ထွေးက မီဒီယာများကို ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေပုဒ်မဖြင့်ပါ လာမည့်ရုံးချိန်းတခုတွင် စွဲချက်တင်ရန် ရှိနေပြီး အမှုများ များပြားသည့်အတွက် ယင်းအမှုကို လာမည့် ၁၀ရက်နေ့ကစပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း စစ်ဆေးသွားမည်ဟု တရားခွင်တွင် ခရိုင်တရားသူကြီး ဦးလှဝင်းက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၅ရက်၊ ည ရနာရီကျော်အချိန်က MNA လေကြောင်းလိုင်းဖြင့် နေပြည်တော်မှ ရန်ကုန်မြို့သို့ လိုက်ပါမည့် ခရီးသည် ဖြိုးကိုကိုတင့်ဆန်းအပါအဝင် ACE ရုံးအဖွဲ့နှစ်ဦးတို့၏ ခရီးဆောင်အိတ်များကို စစ်ဆေးရာမှ သေနတ်များ၊ ကျည်တောင့်များအပါအဝင် မူးယစ်ဆေးဝါးတချို့ကို သိမ်းဆည်းရမိရာမှ ၎င်းတို့ကို ဖမ်းဆီးခဲ့သည်။

ထို့နောက် ဖြိုးကိုကိုတင့်ဆန်း ပိုင်ဆိုင်သော နေပြည်တော်ရှိ Hotel ACE အပါအဝင် ရန်ကုန်ရှိ ၎င်း၏ နေအိမ်၊ ရုံးခန်းစသည်တို့ကို ဆက်လက် စစ်ဆေးခဲ့ရာ သေနတ်များနှင့် ဆက်စပ်ပစ္စည်းများကို ထပ်မံသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

လက်ရှိ ဒက္ခိဏတရားရုံးတွင် စွဲချက်တင်ထားသည့် ရာဇဝတ်ကြီးအမှုများမှာ နေပြည်တော်တွင် ဖမ်းဆီးရမိသည့်အမှုများနှင့်သာ သက်ဆိုင််ပြီး ရန်ကုန်တွင် ဖမ်းဆီးရမိသည့်ဖြစ်စဉ်များနှင့် သက်ဆိုင်ခြင်းမရှိသေးပေ။

လက်ရှိတွင် အမှုနှင့် ဆက်စပ်သူ ၂၀ဦးထက်မနည်းကို ပုဒ်မပေါင်း အနည်းဆုံး ၁၇ခုဖြင့် ဖမ်းဆီးအရေးယူထားပြီး အမှုကို မှုခင်းရဲတပ်ဖွဲ့(စီအိုင်ဒီ)က ကိုင်တွယ်လျက် ရှိသည်။

ယနေ့ ရုံးချိန်းသို့ ဖြိုးကိုကိုတင့်ဆန်း၏ ဖခင်ဖြစ်သူ ဦးတင့်ဆန်း လာရောက်သည်ကို မတွေ့ရဘဲ အမှုနှင့်ဆက်စပ်ပြီး ဖမ်းဆီးခံထားရသူတချို့၏ မိသားစုဝင်တချို့သာ တရားခွင်သို့ လာရောက်နားထောင်သည်ကို တွေ့ရှိရသည်။

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly