အောင်ရဲထွေးအား သတ်ခဲ့သည်ဟု ယူဆရသူများ၏ ဓါတ်ပုံသဲလွန်စ ရရှိထားပြီဟုဆို

အောင်ရဲထွေးအား သတ်ခဲ့သည်ဟု ယူဆရသူများ၏ ဓါတ်ပုံသဲလွန်စ ရရှိထားပြီဟုဆို

ရန်ကုန် ဇန်နဝါရီ ၃ ။        ။ အောင်ရဲထွေးအား ဝိုင်းဝန်းရိုက်နှက်သူဟု ယူဆရသည့် လူများ၏ ဓါတ်ပုံများကို ရရှိထားပြီးရဲတပ်ဖွဲ့ဝင်များမှ ၎င်းတို့အား ဆက်လက်စုံစမ်းဖော်ထုတ်နေသည်ဟု ယနေ့ညနေ ၅နာရီအချိန် Orchid Hotel တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မိသားစုဝင်များက ပြောသည်။

 "မှုခင်းဖြစ်ပြီးသူတို့ (တရားခံဟုယူဆရသူများ) ထွက်လာတဲ့ ဓါတ်ပုံတွေ  ကျွန်တော်တို့မှာရှိပါတယ်။ ရဲတပ်ဖွဲ့မှာလဲရှိပါတယ်။ ဓါတ်ပုံမှာပါတဲ့ သူတွေကို ရဲတပ်ဖွဲ့က အပြင်းအထန် စုံစမ်းနေတယ်။ အတိအကျလဲ သိနေတယ်။ ဒါပေမယ့်ထုတ်ဖော်ပြောကြားဖို့ အချိန်လေးနည်းနည်း လိုနေသေးတယ်"ဟု အောင်ရဲထွေး၏ အစ်ကိုဖြစ်သူ ကိုသန့်ဇင်ဦးကပြောသည်။

တရားခံဟုယူဆရသူများသည်အောင်ရဲထွေးနှင့် ရန်ညိုးရန်စမရှိဟု လတ်တလောသိထားပြီး မည်သည့်အတွက်ကြောင့် ယခုလို ရိုက်နှက်သတ်ဖြတ်ခဲ့သည်ဆိုသည့် အကြောင်းအရင်းကိုမူ ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းမှသာ သိရှိနိုင်မည်ဟု ၎င်းကဆက်ပြောသည်။

ဇန်နဝါရီလ ၁ရက်နေ့ အစောပိုင်းတွင် ရဲထွေးအောင်(ခ)အောင်ရဲထွေး(၂၄)နှစ်နှင့် ရည်းစားဖြစ်သူတို့သည် သင်္ဃန်းကျွန်းမြို့နယ်၊ ပေါ်ဆန်းမွှေးလမ်းရှိ The One Entertainment ဝင်းအတွင်း ကျင်းပသော ပါတီပွဲရှိ VVIPဝိုင်း၌ ကနေစဉ် အမျိုးသား၅ဦးခန့်က ရဲထွေးအောင်အား ဝိုင်းဝန်းထိုးကြိတ်ခဲ့၍ ဦးခေါင်းတွင် ဒဏ်ရာများ(စိုးရိမ်ရ)ရရှိသဖြင့် ရန်ကုန်ဆေးရုံကြီးတွင် ခွဲစိတ်မှုပြုလုပ်ခဲ့ သော်လည်း ရရှိခဲ့သည့် ဒဏ်ရာများမှာ ပြင်းထန်သောကြောင့် ဇန်နဝါရီ ၂ ရက်၊ မွန်းလွဲပိုင်းတွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly