ကိုယ်ပိုင်အလှနဲ့ လမင်းခ

03 January 2018
ကိုယ်ပိုင်အလှနဲ့ လမင်းခ

 

 မိန်းကလေးတွေ တစ်ယောက်ချင်းဆီမှာရှိတဲ့ ပင်ကိုယ်အလှတရားဟာ ပြင်ဆင်ခြယ်မှုန်းထားတဲ့ အလှတရားထက် ပိုပြီးတော့ လှတယ်ဆိုတာကို ဖော်ညွှန်းထားတဲ့ ကိုယ်ပိုင်အလှဆိုတဲ့ သီချင်းဟာ လူမှုကွန်ရက် စာမျက်နှာတွေမှာ ရေပန်းစားလာပါတယ်။ ဒီသီချင်းကို သီဆိုထားတာကတော့ လမင်းခ ဆိုသူပါ။

သူဟာ ငယ်စဉ်ကတည်းက သီချင်းဆိုတာကို ဝါသနာခုံမင်ခဲ့သူ တစ်ယောက်ဖြစ်တဲ့အပြင် နာမည်ကျော် Iron Cross တေးဂီတအဖွဲ့ရဲ့ အဆိုတော် အငဲရဲ့ သမီးလည်း ဖြစ်ပါတယ်။

လမင်းခ ။     ။ သီချင်းဆိုတာကို စပြီးတော့ ဝါသနာပါတာက လေးတန်းတုန်းကပေါ့။ အဲဒီတုန်းက ကျောင်းမှာ ကျောင်းအုပ်ဆရာမကြီးက ဆို က ရေး တီး ပြိုင်ဖို့အတွက် လာခေါ်တယ်။ အဲဒီအချိန်တုန်းကတော့ ကိုယ့်ဟာနဲ့ကိုယ် ဆော့ကစားနေတဲ့အရွယ်ဆိုတော့ ဘာမှကို မသိသေးဘူ။ လာခေါ်တဲ့အချိန်ကျမှ ကိုယ်က သီချင်းဆိုတာကို သဘောကျပါလား ကြိုက်နှစ်သက်ပါလားဆိုတာကို သိတာပေါ့နော်။ အဲဒီအချိန်ကစပြီးတော့ ဝါသနာပါခဲ့တာပါ။

ကလေးဘဝတုန်းကတော့ ပိုရဲတယ်။ အခု ကြီးလာတော့မှ ပိုပြီးတော့ စိတ်လှုပ်ရှားတယ်။ IC နဲ့ စစချင်း ဆိုတုန်းကဆို ဦးဝိုင်ဝိုင်းရဲ့ 90 Minutes ဆိုတုန်းက ကလေးတုန်းကထက်တောင်မ၊ှ ပိုပြီးတော့ စိတ်လှုပ်ရှားပါသေးတယ်။ ကလေးတုန်းကတော့ မသိဘူး ဆရာတွေခိုင်းတဲ့အတိုင်းပဲ စင်ပေါ်ကို ရောက်သွားတာပဲ။ ဘယ်လိုနဲ့ စင်အောက်ကို ပြန်ရောက်လာလဲဆိုတာတောင် မသိလိုက်ဘူး။ ဆယ်တန်းပြီးတဲ့အချိန်တုန်းက အမှတ်လည်း ကိုုယ်က မကောင်းခဲ့ဘူး။ အဲဒီအချိန်မှာ သီချင်းဆိုမယ့် အစီအစဉ်ပဲ ရှိခဲ့တယ်ပေါ့။ ဒါပေမယ့် အဖေကတော့ ကျောင်းပြီးအောင် အရင်လုပ် ဘွဲ့ရပြီးမှ ဒါကို လုပ်ဆိုတာနဲ့ ဘွဲ့ရတဲ့အထိ စောင့်ခဲ့ရတာပေါ့။

မဇ္ဈိမ ။     ။ အဆိုပညာနဲ့ ပတ်သက်ပြီးတော့ ဂီတမိတ်မှာ သင်ယူခဲ့ပြီး ကူး....ကူ ဆိုတဲ့ ပထမဆုံး တေးစီးရီး ထွက်ဖို့ကိုတော့ ၃ နှစ်လောက် အချိန်ယူခဲ့ရတယ်လို့ ဆိုပါတယ်။

လမင်းခ ။          ။ ဆိုကရေးတီး ပြိုင်တုန်းကတော့ ကျောင်းကနေ ပို့တဲ့ ဆရာပေါ့နော် ဆရာ့ဆီကနေပြီးတော့ သီချင်းဆိုတာ သင်ပြီးတော့ ပြိုင်ရတာပေါ့။ တက္ကသိုလ်တက်တော့ အခွေလုပ်မယ်လို့ စီစဉ်ဖြစ်တဲ့အချိန်မှာ အဆိုပညာနဲ့က ဂီတမိတ်မှာ သင်ခဲ့ပါတယ်။ စီးရီးထွက်ဖို့က လမင်း ဘွဲ့ရပြီး ၂၀၁၄ မှာ အခွေထွက်မယ်ဆိုပြီးတော့ စတည်တယ်။ ၃ နှစ်လောက် အချိန်ယူခဲ့ရပါတယ်။

မဇ္ဈိမ ။           ။ ဂီတလမ်းကြောင်း ရေယာဉ်ကြီးထဲမှာ စီးမျောတဲ့အခါ ကြံုတွေ့လာရမယ့် အခက်အခဲတွေကို သေချာ ကြိုတင်ပြင်ဆင်ခဲ့တယ်လို့လည် းဆိုပါတယ်။

လမင်းခ ။     ။ ဒီလမး်ကြောင်းကို စလျှောက်မယ်ဆိုကတည်းက ကြံုတွေ့နိုင်တဲ့ အခက်အခဲတွေအကုန်လုံးကို ကိုယ့်အနေနဲ့ ကြိုပြီးတော့ စဉ်းစားထားရတာပေါ့။ ဒီလမ်းကြောင်းကို လျှောက်မယ်ဆိုရင် အပြောအဆိုခံနိုင်မှ အပြောအဆိုတောင်မှ ကိုယ်တစ်ယောက်တည်းလည်း အပြောအဆိုခံရတယ်။ ပြီးတော့ ကိုယ့်အဖေကိုလည်း ပြောခံရမယ့်ဟာမျိုးပေါ့နော်။ ကိုယ်လုပ်တာ တစ်ခုခု မတက်ခဲ့ရင် သိတယ်မလား။ အဲဒီတော့ အဖေ့ကိုလည်း ထိခိုက်မယ့်ဟာတွေ အကုန်လုံး စဉ်းစားပြီးတော့မှ ကိုယ်တကယ်လုပ်နိုင်လား ကိုယ်တကယ် ခံနိုင်လားဆိုပြီးတော့ အဲဒါတွေကို ကြိုတင်ပြင်ဆင်ပြီးတောမှ ဒီလမ်းကြောင်းထဲကို ဝင်လာခဲ့တာပါ။

မဇ္ဈိမ ။        ။ ကိုယ်ပိုင်အလှသီချင်းနဲ့ ပရိသတ်က သတိထားမိလာတဲ့ လမင်းခ ရဲ့ အမျိုးသမီးတွေအကုန်လုံးကို သူပြောပြချင်တဲ့ စကားလက်ဆောင်လေးကတော့ .......

လမင်းခ ။          ။ အမျိုးသမီးများအားလုံး မိန်းကလေးများအားလုံး ပြောချင်တာက အခု လမင်းဆိုထားတဲ့ ကိုယ်ပိုင်အလှဆိုတဲ့ သီချင်းလေးထဲကအတိုင်းပါပဲ လူတိုင်းလူတိုင်းမှ အရည်အချင်းကိုယ်စီ အစွမ်းအစကိုယ်စီ အလှကိုယ်စီ ရှိကြပါတယ်။ ပြီးတော့လည်း သူများနဲ့လည်း ယှဉ်ပြိုင်နေစရာ မလိုပါဘူး။ တစ်ခုခုဆိုရင် ကိုယ့်ဘက်မှာလည်း အားသာချက် အများကြီးရှိပါတယ်။ အဲဒီတော့ အဲဒီအားသာချက်ကို အခွင့်ကောင်းယူပြီး ကိုယ့်ဘက်ကနေ အကောင်းဆုံး ကြိုးစားသွားကြပါ။ အကယ်၍ ကျရှုံးခဲ့တယ်ဆိုရင်လည်း စိတ်ဓာတ်မကျပါနဲ့။ ကျရှုံးတာက အရေးကြီးတာ မဟုတ်ဘူးပေါ့နော်။ ပြန်ထူနိုင်ဖို့က အရေးကြီးတာဆိုတော့လေ စိတ်ဓာတ်မကျပါနဲ့ အမြန်ဆုံး ပြန်ထူနိုင်အောင် ကြိုးစားကြပါ။ အမြဲတမ်း ကြိုးစားနေတဲ့သူအတွက်က အောင်မြင်မှုဆိုတာက တစ်နေ့မှာ ရောက်မယ့်နေရာပဲပေါ့နော်။ အဲဒီအတွက်ကြောင့် အားလုံးကို အမြဲတမ်း ကြိုးစားသွားပါလို့ ပြောချင်ပါတယ်။    ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly