တနင်္သာရီသဘာဝကြိုးဝိုင်းအတွင်း ကင်းလှည့်ထိန်းသိမ်းခြင်းများဆောင်ရွက်

တနင်္သာရီသဘာဝကြိုးဝိုင်းအတွင်း ကင်းလှည့်ထိန်းသိမ်းခြင်းများဆောင်ရွက်

တနင်္သာရီသဘာဝကြိုးဝိုင်းအတွင်းရှိ ဇီဝမျိုးစုံ မျိုးကွဲများ ထိန်းသိမ်းနိုင်ရန်အတွက် ကင်းလှည့်ထိန်းသိမ်းခြင်းလုပ်ငန်းများ လုပ်ဆောင်နေသည်ဟု တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်း၊သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးချစ်လှိုင်ဝင်းက မဇ္ဈိမကိုပြောသည်။

တနင်္သာရီသဘာဝကြိုးဝိုင်းသည် တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်နှင့် ထားဝယ်မြို့နယ်ကြား၊ ထားဝယ်မြစ်နှင့် ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်နိမိတ်ကြားတွင်တည်ရှိပြီး ကမ္ဘာ့ရှားပါး တောရိုင်းတိရစ္ဆာန်များ၊ သဘာဝ အပင်မျိးစိတ်များ ရှိနေခြင်းကြောင့် ၎င်းတို့ကို ရေရှည်ထိန်းသိမ်းနိုင်ရန်အတွက် စခန်းခွဲ ၉ ခုမှ တစ်လ နှစ်ကြိမ် ကင်းလှည့်ခြင်းလုပ်ငန်းများကို လုပ်ဆောင်နေခြင်းဖြစ်သည်။

ထိုသို့ ကင်းလှည့်ဆောင်ရွက်နေစဉ်တွေ့ရှိသည့် ထောင်ခြောက်များ၊ဆင်ကျံုးများကိုလည်း ဖျက်စီးပြီး သဘာဝတောနှင့်ထိစပ်နေသည့် ကျေးရွာများကိုလည်း သဘာဝကြိုးဝိုင်းနှင့်ဇီဝမျိုးစုံများ၏ တန်ဖိုးကို သိရှိနားလည်လာစေရန် အသိပညာပေးဟောပြောမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

လက်ထောက်ညွှန်ကြားရေးမှူး ဦးချစ်လှိုင်ဝင်းက"ကင်းလှည့်ဆောင်ရွက်တဲ့အခါမှာ ကင်းတို၊ ကင်းရှည် လှည့်လည်ထိန်းသိမ်းခြင်းဆိုပြီး နှစ်မျိုးဆောင်ရွက်လျှက်ရှိပါတယ်။ ကင်းတိုဆိုတဲ့   နေရာမှာ တောထဲမှာ အနည်းဆုံး သုံးညအိပ်၊ လေးညအိပ်၊ ငါးရက်ထက်မပိုတဲ့ ကင်းလှည့်ခြင်းကို ကင်းတိုလို့ခေါ်ပါတယ်။ ကင်းရှည်ကတော့ ရှစ်ညအိပ် ၊ဆယ်ညအိပ် ရှစ်ရက်ထက်ပိုတဲ့ ကင်းလှည့်ခြင်းကိုခေါ်ပါတယ်။

ကင်းလှည့်ထိန်းသိမ်းခြင်းနဲ့အတူ ဇီဝမျိုးစုံမျိုးကွဲများ စာရင်းကောက်ယူမှတ်တမ်းယူခြင်း၊ ရှင်သန်ပေါက်ရောက်လျှက်ရှိတဲ့ သဘာဝပေါင်ပင်များရဲ့အခြေအနေကို မှတ်တမ်းတင်ခြင်း လုပ်ငန်းတွေကို   ဆောင်ရွက်ရတဲ့နည်းသူ ဒေသခံမုဆိုးတွေရဲ့ ကြိုးကွင်းထောင်ခြောက်များ ထောင်ထားခဲ့တဲ့ တွေ့ရှိတဲ့ဟာတွေကို ဖျက်စီးတယ်။ ဆင်ထောင်ခြောက်၊ ဆင်ကျံုးလိုဟာမျိုးတွေ့ရင်လည်း ဖျက်စီးတယ်။ တွင်းထဲကျနေတဲ့ တောရိုင်းတိရစ္ဆာန်ပြန်လည် လွတ်မြောက်နိုင်ရေးအတွက် လမ်းကြောင်းတွေပြန်လည်ဖောက်ထွင်ပေးခြင်းစတဲ့ လုပ်ငန်းတွေဆောင်ရွက်ပါတယ်"ဟုပြောသည်။

ထိုသို့ ကင်းလှည့်ထိန်းသိမ်းခြင်းများလုပ်ဆောင်နေခြင်းကြောင့် ဒေသခံမုဆိုများလည်းလျှော့နည်းလာပြီး ဇီဝမျိုးစုံမျိုးကွဲများလည်း ယခင်ကထက် ပိုမိုတွေ့ရှိလာကြောင်း၊ သဘာဝတောအတွင်းက စိမ့်စမ်းချောင်းများအတွင်း ဒေသခံများငါးဖမ်းနေမှုကိုလည်း တားမြစ်သွားမှာဖြစ်သလို လက်ရှိတွင်လည်း ငါးဖမ်းမြုံးများပိုက်များတွေ့လျှင်လည်း ဖျက်စီးမှုများ လုပ်ဆောင်နေကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly