ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သော၂၀၁၂ ပဋိပက္ခနောက်ဆက်တွဲ ဒုက္ခသည်စခန်းများ ပိတ်သိမ်းမည်

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သော၂၀၁၂ ပဋိပက္ခနောက်ဆက်တွဲ ဒုက္ခသည်စခန်းများ ပိတ်သိမ်းမည်
ဓာတ်ပုံ -စစ်တွေမြို့ရှိ အုန်းတောကြီးဒုက္ခသည်စခန်း၏ လမ်းတစ်နေရာ (ဓာတ်ပုံ - RiA)

စစ်တွေ၊ ဇန်နဝါရီ ၃ ရက်။       ။ ၂၀၁၂ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများကြောင့် တည်ရှိလာခဲ့ရသည့် ဒုက္ခသည်စခန်းများကို ပိတ်သိမ်းတော့မည် ဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး အပါအဝင် ပြည်နယ်ဝန်ကြီးချူပ်နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဇန်နဝါရီ ၁ ရက်နေ့တွင် စစ်တွေမြို့ရှိ ဒုက္ခသည်စခန်းမှ တာဝန်ရှိသူများနှင့် အလုပ်ရုံ ဆွေးနွေးပွဲတစ်ခုကို ပြုလုပ်ခဲ့ကြပြီး စခန်းများပိတ်သိမ်းရေးကိစ္စကို သဘောတူခဲ့ကြသည်ဟု ဆိုသည်။

“ ပြန်လည်နေရာချထားရေးကိစ္စကို အဓိကထားပြီး ဆွေးနွေးခဲ့ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ကမ့်နဲ့ နေတာကလည်း ကြာပြီလေ။ ဒီစခန်းတွေကို ပိတ်သိမ်းမယ်။ ပြီးရင် အဲဒီအနီးအနားမှာ နေရာချမယ်ပေါ့။” ဟု ဆွေးနွေးပွဲကို တက်ရောက်ခဲ့သည့် သက်ကေပြင် ဒုက္ခသည်စခန်း ကမ့်ကော်မတီအဖွဲ့ဝင် ကိုသန်းရွှေက ပြောသည်။

အစိုးရအနေဖြင့် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများကို ပိတ်သိမ်းနိုင်ရေးအတွက် ၂၀၁၇ ခုနှစ် ဧပြီလကတည်းက အကောင် အထည်ဖော်နိုင်ရေး အစီစဉ်များကို ရေးဆွဲလာခြင်းဖြစ်သလို သတင်းမီဒီယာများသို့ အသိပေး ပြောကြားထားသော်လည်း ယနေ့အချိန်ထိ စတင်နိုင်ခြင်း မရှိသေးခြင်းလည်း ဖြစ်သည်။

စခန်းများပိတ်သိမ်းရေးကိစ္စကို လုပ်ဆောင်ရမည်မှာ မှန်သော်လည်း ပြန်လည်နေရာချထားရေးမှာ ယခင် နေထိုင်ခဲ့သည့် နေရာများတွင် ချပေးမည် မဟုတ်ဘဲ လက်ရှိ ဒုက္ခသည်စခန်းများအနီးတွင်သာ ပြုလုပ်နိုင်မည်ဖြစ်သည်ဟု ဆွေးနွေးခဲ့ကြကြောင်း ကိုသန်းရွှေက ပြောသည်။

ယနေ့ ဇန်နဝါရီ ၃ ရက်နေ့ ရက်စွဲဖြင့် ထုတ်ဝေသည့် နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြချက်အရလည်း - ပြည်ထောင်စု ဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် IDP စခန်းတွင် နေထိုင်သူများက လက်ရှိ စခန်းကို ပိတ်သိမ်းပြီး သင့်တော်သော ပြန်လည်နေရာချထားရေးနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေး သဘောတူညီချက်များ ရယူခဲ့ပြီး အသေးစိတ် အချက်အလက်အား ဆက်လက် ဆွေးနွေးမည် ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ကြသည် ဟု သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးမင်းအောင် (ပြည်နယ်လွှတ်တော်မှ ဇန်နဝါရီ ၂ ရက်နေ့က ရာထူးမှ ရပ်စဲသည်ဟု ဆုံးဖြတ်ခြင်းကို ခံထားရပြီး၊ နိုင်ငံတော်သမ္မတ၏ အတည်ပြုမှုကို စောင့်ဆိုင်းနေသော) ကို ဆက်သွယ်မေးမြန်းခဲ့ရာတွင် “အဲဒီနေ့က အစည်းအဝေးကို ကျွန်တော် မတက်ခဲ့ပါ။ ရန်ကုန်ကိုရောက်နေလို့။ အသေးစိတ်ကို မသိတော့ ဘာမှ ဖြေလို့မရဘူး” ဟု ဖြေကြားခဲ့သည်။

စခန်းတွင် နေထိုင်သူများကမူ ယခု စခန်းများကို ပိတ်သိမ်းမည့်ကိစ္စနှင့် ပတ်သက်၍ စိုးရိမ်မှုများ ရှိနေကြသည်။

“ကျွန်တော်တို့မှာ ဘာစီးပွားရေးမှ မရှိဘူး။ ဒဗလျူအက်ဖ်ပီက ထောက်ပံ့တဲ့ ရိက္ခာနဲ့ စားနေရတာ။ ကမ့်ကိုပိတ်လိုက်ရင် ရိက္ခာက မရတော့ဘူး။” ဟု ဘောဒူဖ ဒုက္ခသည်စခန်းမှ မောင်လှမြင့်က ပြောသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်က ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများကြောင့် ဒုက္ခသည်စခန်းပေါင်း ၃၆ ခု ရှိလာခဲ့ပြီး စစ်တွေမြို့တွင် ၁၅ ခု၊ ရသေ့တောင်မြို့နယ်တွင် ၃ ခု၊ မောင်တောမြို့နယ်တွင် ၈ ခု၊ ကျောက်တော်တွင် ၁ ခု၊ ပေါက်တောမြို့နယ်တွင် ၄ ခု၊ မြေပုံမြို့နယ်တွင် ၁ ခု၊ ကျောက်ဖြူမြို့နယ်တွင် ၂ ခုနှင့် ရမ်းဗြဲမြို့နယ်တွင် ၂ ခု တို့ ဖြစ်သည်။

အဆိုပါ ဒုက္ခသည်စခန်းများရှိ ဒုက္ခသည်များကို ကမ္ဘာ့စားနပ်ရိက္ခာအစီစဉ်မှ လူတစ်ဦးလျှင် တစ်လအတွက် ရိက္ခာ ဆန် ၄၂ ဘူး၊ ဆီ ၁ လီတာ၊ ဆား၊ ပဲနှင့် အခြေခံမီးဖိုချောင်ပစ္စည်းများနှင့်   ဆေးဝါးများကို ထောက်ပံ့ပေးနေသလို အခြား နိုင်ငံတကာအကူအညီပေးရေး အဖွဲ့အစည်းများမှလည်း သက်မွေးဝမ်းကြောင်းပညာရပ်များအပါအဝင် ကျန်းမာရေး ကုသစောင့်ရှောက်မှုများကိုလည်း   ဆောင်ရွက်ပေးလျက်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly