ဆန္ဒပြသူများကို သေဒဏ်ပေးမည်ဟု အီရန်အစိုးရခြိမ်းခြောက်၊ ပြင်ပသွေးထိုးမှုများကို ပြစ်တင်ဝေဖန်

ဆန္ဒပြသူများကို သေဒဏ်ပေးမည်ဟု အီရန်အစိုးရခြိမ်းခြောက်၊ ပြင်ပသွေးထိုးမှုများကို ပြစ်တင်ဝေဖန်

 

တယ်ရန်၊ ဇန်နဝါရီ ၃ ။                      ။ အီရန်နိုင်ငံတစ်ဝန်း၌ဖြစ်ပွားနေသော ဆန္ဒပြပွဲများမှ ဆန္ဒပြသူများကို အီရန်အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး စွဲချက်များစွာဖြင့် အမှုဖွင့်ထားသလို အချို့အမှုများတွင် သေဒဏ်အပြစ်ပါပေးနိုင်ကြောင်း အင်္ဂါနေ့က သတိပေး ခြိမ်းခြောက်ခဲ့သည်။

အီရန်နိုင်ငံခေါင်းဆောင် အယာတိုလာအလီခါမီနီက အီရန်နိုင်ငံ၏ရန်သူများသည် အီရန်ကိုထိုးနှက်တိုက်ခိုက် ရန်အတွက် အခွင့်အလမ်းကောင်းများကို ရှာဖွေနေကြပြီး လွန်ခဲ့သော ကြာသာပတေးနေ့ကတည်းက ဖြစ်ပွားခဲ့ သည့် ဆန္ဒပြပွဲများအတွင်း ပြင်ပသွေးထိုးမှုများပါ၀င်နေကြောင်း ပြစ်တင်ဝေဖန်ခဲ့သည်။

“မကြာခင်ကဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တွေမှာ အီရန်တို့ရဲ့ ရန်သူတော်တွေဟာ မဟာမိတ်ဖွဲ့ပြီးတော့ နည်းလမ်း ပေါင်းစုံနဲ့ ကျုပ်တို့ကို ထိုးနှက်တိုက်ခိုက်နေပါတယ်။ သူတို့ရဲ့ ငွေကြေးတွေ၊ လက်နက်တွေ၊ နိုင်ငံရေးနဲ့ ထောက်လှမ်းရေးအေဂျင်စီတွေ စတာတွေကိုအသုံးချပြီးတော့ အီရန်နိုင်ငံမှာ ပြသနာဖြစ်ပွားအောင် လုပ်ဆောင် နေပါတယ်” ဟု ခါမီနီက အင်္ဂါနေ့၌ သူ၏တွစ်တာမှတဆင့် ပြောဆိုခဲ့သည်။

အီရန်သတင်းဌာန Tasnim က အီရန်နိုင်ငံ၏အကြီးအကဲတစ်ဦးဖြစ်သူ ဟိုဂျက်တိုလီစလမ် မူဆာကွာဇန်ဖာ အဘာဒီက ဆန္ဒပြပွဲများ၌ အဖမ်းဆီးခံခဲ့ရသော ဆန္ဒပြသူများကို ပြင်းထန်သောပြစ်မှုများနှင့် စွဲချက်တင်ထား သည်ဟု ပြောဆိုခဲ့ကြောင်း သတင်းတင်ပြခဲ့သည်။

ကွာဇန်ဖာအဘာဒီက ဆူပူအုံကြွမှုများဖြစ်ပွားခဲ့သည့် ၃ ရက်မြောက်နေ့၌ အဖမ်းခံခဲ့ရသူများကို ပြင်းထန်သော ပြစ်ဒဏ်များ ချမှတ်သွားမည်ဟု ပြောဆိုခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာနကလည်း ဆန္ဒပြပွဲများသည် တရားမဝင် ကြောင်း ကြေညာခဲ့သည်။

ဆန္ဒပြသူများသည် ဥပဒေနှင့်ညီညွတ်သည့် ဆန္ဒပြသူများမဟုတ်ကြောင်းနှင့် နိုင်ငံတော်ကိုဆန့်ကျင်သော ဆူပူအုံကြွသူများသာဖြစ်သည်ဟု ကွာဇန်ဖာအဘာဒီက ဆိုခဲ့သည်။

အီရန်နိုင်ငံ၏ အကျင့်ပျက်ခြစားမှုများနှင့် နေထိုင်စရိတ်ကြီးမားမှုတို့ကြောင့် အစိုးရကိုဆန့်ကျင်ဆန္ဒပြသူများနှင့် သူတို့ကိုနှိမ်နင်းသည့် ရဲတပ်ဖွဲ့တို့ကြား ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းများအတွင်း သေဆုံးသူ ၂၀ ထက်မနည်း ရှိခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly