အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းကြောင့် ပခုက္ကူ ဆောင်းသီးနှံအချို့ ပျက်စီးဆုံးရှုံး

အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းကြောင့် ပခုက္ကူ ဆောင်းသီးနှံအချို့ ပျက်စီးဆုံးရှုံး

ပခုက္ကူ။           ။ ဒီဇင်ဘာ ၃၁ ရက်မွန်းလွဲပိုင်းမှစ၍ အချိန်အခါမဟုတ် မိုးရွာသွန်းနေသောကြောင့် ပခုက္ကူခရိုင်အတွင်းရှိ ဆောင်းသီးနှံများ ပျက်စီးဆုံးရှုံးနိုင်ကြောင်း ဒေသခံတောင်သူများက ပြောသည်။

ဆောင်းသီးနှံများတွင် ပဲစင်းငုံနှင့် ကြက်သွန်များမှာ လက်ရှိ မိုးရွာသွန်းမှုကြောင့် စိုးရိမ်နေရကြောင်း သိရသည်။

"မိုးက မပြတ်ဘူး ။ တစွတ်စွတ်နဲ့ ရွာနေတာ သုံးရက်ရှိပြီ။ အခုချိန်က ပဲစင်းငုံပေါ်ချိန် မိုးရွာတော့ သီးနှံသိမ်းဖို့ အခက်တွေ့နေတယ်"ဟု ပခုက္ကူမြို့နယ် ဖောင်းကွဲကျေးရွာမှ ပဲစင်းငုံစိုက်တောင်သူကိုဝင်းစိုးက ပြောသည်။

ပခုက္ကူဒေသ၏ အဓိကထွက်ကုန်တစ်မျိုးဖြစ်သော ပဲစင်းငုံမှာ နှစ်စဉ်မေလတွင် စိုက်ပျိုးပြီး ဒီဇင်ဘာဒုတိယအပတ်မှစ၍ ဇန်နဝါရီလကုန်ထိ သီးနှံသက်တမ်းအလိုက် ခုတ်သိမ်းရကြောင်း သိရသည်။

" ပဲစင်းငုံတွေက ခုတ်ပြီး လှန်းထားတာ နေပူရင် ရိုက်မယ် ရိုက်မယ်နဲ့၊ မိုးရွာနေတော့ ဘာမှလုပ်မရဘူး။ စျေးကမကောင်း ၊ ရာသီဥတုက ဖောက်ပြန် လုပ်သားခက စျေးကြီးနဲ့၊  ဒီနှစ်တော့ မလွယ်ပါဘူး"ဟု ပခုက္ကူခရိုင်၊  မြိုင်မြို့နယ်မှ ပဲစင်းငုံစိုက်တောင်သူတစ်ဦးဖြစ်သူ ဦးကျော်သင်းက ပြောသည်။

ပခုက္ကူဒေသ၏ အဓိက ထွက်ကုန်ုဖြစ်သော ပဲစင်းငုံမှာ အိန္ဒိယအစိုးရမှ ကန့်သတ်ကုန်စည်အဖြစ် သတ်မှတ်ပြီး အဝယ်ရပ်ဆိုင်းပြီးနောက် စျေးဆက်တိုက်ကျဆင်းခဲ့ခြင်းဖြစ်သည်။

စျေးဆက်တိုက်ကျဆင်းခဲ့သလို အဖိုပင်များခြင်း၊  အပွင့်ကြွေခြင်းတို့ကြံုတွေ့ခဲ့ခြင်းကြောင့် သီးနှံထွက်နှုန်းလျော့မည်ဟု တွက်ထားသောနှစ်မှ ခုတ်သိမ်းချိန် မိုးရွာခြင်းကြောင့် အပင်ပေါက်ခြင်းများဖြစ်လာပါက အခက်အခဲများရှိနေကြောင်း တောင်သူများထံက သိရသည်။

ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် ၊ ယောချောင်းတစ်လျှောက်တွင် အဓိကစိုက်ပျိုးသီးနှံဖြစ်သော ကြက်သွန်ခင်းများမှာလည်း အချိန်အခါမဟုတ်မိုးရွာသွန်းခြင်းကြောင့် ပျက်စီးဆုံးရှုံးမှုရှိကြောင်း ကြားသိရသည်။

" မိုးက ဆက်တိုက်ရွာနေတော့ ချောင်းရိုးတစ်လျှောက်က ကြက်သွန်းခင်းတွေက စမ်းတက်ပြီး ရေမြုပ်နေတာ။အချို့အပင်တွေဆို အမြစ်က ကျွတ်ပြီး ရေထဲပါကုန်တာ"ဟု ပေါက်မြို့နယ် ချောင်းနားကျေးရွာမှ ကြက်သွန်စိုက်တောင်သူ မစုစုထွေးကပြောသည်။

ပေါက်မြို့နယ်ယောချောင်းနံဘေးရှိရွာများမှ ဆောင်းသီးနှံဖြစ်သော ကြက်သွန်များကို ပြာသိုလပြည့် မတိုင်ခင် အပြီးစိုက်ပျိုးကြရသည်။

ယနေ့ ပခုက္ကူကုန်စည်ဒိုင်ပေါက်စျေးနှုန်းများအရ ပဲစဉ်းငုံနီအသစ် ပိသာ ၂၀ တစ်တင်းလျှင် ၁၄၀၀၀ ကျပ် ပေါက်စျေးရှိပြီး ကြက်သွန်နီတစ်ပိသာ ၂၃၀၀ ကျပ် ပေါက်စျေးရှိကြောင်း သိရသည်။

အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ကြောင်းကို မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သူ၏ ဖေ့ဘုတ်တွင် ဒီဇင်ဘာ (၂၈)ရက်နေ့မှ စတင် သတိပေးထားသည်။

ယနေ့ ညနေ (၄)နာရီ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ ထုတ်ပြန်ချက်တွင် မနက်ဖြန် ဇန်နဝါရီလ ၃ ရက် ၊ နံနက် အထိ စစ်ကိုင်းတိုင်း ၊ မန္တလေးတိုင်း ၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့ အပြား မိုးရွာနိုင်ပြီး မကွေးတိုင်း ၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ ကယားပြည်နယ်တွင် နေရာကျဲကျဲ ၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းတို့တွင် နေရာကွက်ကြား မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။

ယခုနှစ်ပိုင်းတွင် ရာသီဥတုဖောက်ပြန်ခြင်း၊ သီးနှံစျေးနှုန်း အတက်အကျမြန်ခြင်းတို့ကြောင့် စိုက်ပျိုးရေးပညာရှင်များ မိုးလေဝသပညာရှင်များနှင့်စျေးကွက်ကျွမ်းကျင်သူများက တောင်သူများထံသို့ အသိပညာပေးခြင်းများ ပိုမိုပြုလုပ်ပေးရန် ဒေသခံတောင်သူများက မျှော်လင့်လျှက်ရှိကြောင်း ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly