အိုင်အက်စ်စစ်သွေးကြွများက ဆီးရီးယားရှိ ရှေးဟောင်းကက်သလစ်ဘုန်းတော်ကြီးကျောင်းကို ဘူဒိုဇာများဖြင့် ဖျက်ဆီး

အိုင်အက်စ်စစ်သွေးကြွများက ဆီးရီးယားရှိ ရှေးဟောင်းကက်သလစ်ဘုန်းတော်ကြီးကျောင်းကို ဘူဒိုဇာများဖြင့် ဖျက်ဆီး

ဘေရွတ်၊ သြဂုတ် ၂၁ ။         ။ အိုင်အက်စ်စစ်သွေးကြွများသည် ဆီးရီးယားနိုင်ငံ အလယ်ပိုင်း ဟွမ်စ်ပြည်နယ်ရှိ ရှေးဟောင်း ကက်သလစ်ဘုန်းတော်ကြီးကျောင်းကို ဘူဒိုဇာများသုံး၍ ဖျက်ဆီးလိုက် ပြီဖြစ်ကြောင်း စောင့်ကြည့်သည့် အဖွဲ့တစ်ခု၏ ပြောကြားချက်နှင့် စစ်သွေးကြွအုပ်စုက ထုတ်ပြန်သည့် ဓါတ်ပုံများအရ သိရှိရသည်။

" အိုင်အက်စ်အုပ်စုဟာ မနေ့က(သြဂုတ် ၂၀)က ဟွမ်စ်ပြည်နယ်၊ အယ်လ်ကာရီယာတိန်က မာအေလီယန်(Mar Elian) ဘုန်းတော်ကြီးကျောင်းကို ဘူဒိုဇာတွေနဲ့ ဖျက်ဆီးခဲ့ကြပါတယ် "ဟု ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ ၏ ဒါရိုက်တာ ရာမီအက်ဘ်ဒဲလ်ရာမန်က ပြောသည်။ ထိုကျောင်းမှာ ဘုရားသခင်ကို ကိုးကွယ်ခြင်းထက် အခြားသူများကို ကိုးကွယ်ခြင်းဖြစ် သည်ဆိုကာရှေးဟောင်း ကက်သလစ်ဘုန်းတော်ကြီးကျောင်းကို ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။

အခြားနေရာများရှိ အခြားဘာသာရေးအဆောက်အအုံများကို ဖောက်ခွဲရေးပစ္စည်းများဖြင့် လုံးဝဖျက်ဆီးခဲ့သလို တွေ့မြင်ရခြင်းမရှိဘဲ ဘုန်းတော်ကြီးကျောင်း၏ အစိတ်အပိုင်းများကို စစ်သွေးကြွများက ဘူဒိုဇာဖြင့် ဖျက်ဆီးနေပုံများကို အိုင်အက်စ်တို့က အွန်လိုင်းပေါ်သို့ တင်ခဲ့သည်။

အိုင်အက်စ်တို့သည် အယ်လ်ကာရီယာတိန်မြို့ကို သြဂုတ် ၅က သိမ်းပိုက်ခဲ့ပြီး ခရစ်ယာန်ဘာသာဝင်ဒါဇင်ပေါင်းများစွာအပါအဝင် အနည်းဆုံးလူ ၂၃၀ကို ပြန်ပေးဆွဲခဲ့သည်။ ၎င်းတို့အနက် ၄၈ ဦးကိုပြန် လွှတ်ပေးခဲ့ပြီး ၁၁၀ကို ရာကာပြည်နယ်ရှိ အိုင်အက်စ်၏ခံတပ်သို့ လွှဲပြောင်းပေးခဲ့သည်ဟု လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ပြောသည်။ နောက်ထပ် ဓါးစာခံ ၇၀၏ ကံကြမ္မာကို မသိရသေးဟု ဆိုသည်။

မာအေလီယန်ဘုန်းတော်ကြီးကျောင်းသည် ငါးရာစုနှစ်ကတည်းက တည်ရှိခဲ့ပြီး ၎င်း၏ဘာသာကို စွန့်လွှတ်ရန် ငြင်းပယ်မှုအတွက် သတ်ဖြတ်ခံရသော ဟွမ်စ်ပြည်နယ်မှ ခရစ်ယာန်တစ်ဦး၏ အမည်ကိုပေး ထားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly