ဘရာဇီးအကျဉ်းထောင်တစ်ခု ဆူပူအုံကြွမှု ဖြစ်ရာ ကိုးဦးထက်မနည်း သေဆုံး

ဘရာဇီးအကျဉ်းထောင်တစ်ခု ဆူပူအုံကြွမှု ဖြစ်ရာ ကိုးဦးထက်မနည်း သေဆုံး

 

ဇန်နဝါရီ ၂ ။            ။ ဘရာဇီးနိုင်ငံအလယ်ပိုင်း ဂွိုင်းယက်စ်ပြည်နယ်ရှိ အကျဉ်းထောင်တစ်ခုမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက်က ထောင်တွင်း ဆူပူအုံကြွမှုတစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး ကိုးဦး သေဆုံးပြီး အခြား ၁၄ ဦး ဒဏ်ရာရရှိသွားခဲ့ပါတယ်။

 ယင်း အကျဉ်းထောင် အုံကြွမှုဖြစ်စဉ်ကြောင့် ထောင်တွင်း မီးလောင်မှုနဲ့အတူ အခြား အကျဉ်းသား ၁၀၀ ကျော်လည်း ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ ပြည်တွင်း မီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။

အဆိုပါ အကျဉ်းထောင်ထဲမှာ ဒုစရိုက်ဂိုဏ်းအုပ်စုတစ်စုက လက်နက်တွေကိုင်ဆောင်ပြီး ရန်ဘက်အုပ်စုတစ်စု ရှိရာ ဘက်ခြမ်းကို သွားရောက်စီးနင်းရာမှာကနေ အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ပြီး အုံကြွမှု စဖြစ်လာခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အုံကြွမှုအတွင်း မီးရှို့မှုတွေပါ ပေါ်ပေါက်လာခဲ့တယ်လို့ ဆိုပါတယ်။

ယင်းနောက် ထောင်တွင်း ဆူပူမှုကိုတော့ အကျဉ်းထောင်ဝန်ထမ်းတွေက အင်အားသုံး ပစ်ခတ်နှိမ်နင်း ထိန်းချုပ်ခဲ့ရပြီး နှစ်ဘက်စလုံးက အကျဉ်းသား ရာကျော် ထွက်ပြေးလွတ်မြောက် သွားခဲ့တာဖြစ်ပါတယ်။ ဆူပူမှု ဖြစ်ပြီးနောက် များမကြာမီမှာပဲ အခြေအနေကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ယင်းနောက် ထွက်ပြေးသွားတဲ့ အကျဉ်းသား ၃၀ လောက်ကို ပြန်လည်ဖမ်းမိနိုင်ခဲ့ပေမယ့် အခြား အယောက် ၈၀ လောက် ဆက်လက်လွတ်မြောက်နေဆဲ ဖြစ်ကြောင်း သိရပါတယ်။

ဘရာဇီးနိုင်ငံက အကျဉ်းထောင်တွေကတော့ လူပြည့်ကျပ်သိပ်မှု၊ ၀န်ထမ်းအင်အား နည်းပါးမှု စတဲ့အခြေအနေတွေ ရှိနေသလို ယခုလို ထောင်တွင်း ဆူပူအုံကြွမှုဖြစ်စဉ်တွေကလည်း မကြာခဏဆိုသလို ပေါ်ပေါက်နေလျက်ရှိပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly