အင်ဒိုနီးရှားမှာ ကူးတို့လှေတိမ်းမှောက်၍ လူရှစ်ဦး သေဆုံး၊ အများအပြား ပျောက်ဆုံးနေ

အင်ဒိုနီးရှားမှာ ကူးတို့လှေတိမ်းမှောက်၍ လူရှစ်ဦး သေဆုံး၊ အများအပြား ပျောက်ဆုံးနေ

 

ဇန်နဝါရီ ၂ ။               ။ အင်ဒိုနီးရှားနိုင်ငံ ဘော်နီယိုကျွန်း ကမ်းလွန်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်က ခရီးသည်တင် ကူးတို့ လှေတစ်စင်း တိမ်းမှောက်ခဲ့ရာ အနည်းဆုံး လူရှစ်ဦး သေဆုံးပြီး လူအများအပြား ပျောက်ဆုံးနေလျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ခရီးသည် ၄၅ ဦးအထိ လိုက်ပါလာခဲ့တဲ့ အဆိုပါ ကူးတို့လှေဟာ ဘော်နီယိုကျွန်းမြောက်ပိုင်းရှိ တန်ဂျောင်း ဆီလာ ဒေသကနေ ထွက်ခွာလာခဲ့ပြီး မိနစ်ပိုင်းအကြာမှာပဲ တိမ်းမှောက်နစ်မြုပ်သွားခဲ့တာဖြစ်တယ်လို့ ရှာဖွေကယ်ဆယ်ရေးအေဂျင်စီ အကြီးတန်းအရာရှိ ဂက်စ်တီ အန်ဝါ မူလ်ယာဒီက ပြောပါတယ်။

ယခုအချိန်ထိ လူပေါင်း ၃၃ ဦးကို ပြန်လည်ကယ်ဆယ်ထားနိုင်ခဲ့ပြီး ကျန်ပျောက်ဆုံးနေသူတွေကို ရှာဖွေနိုင်ဖို့ ရေတပ် ကယ်ဆယ်ရေးသမားတွေကို စေလွှတ်ဖြန့်ကျက်ထားရတယ်လို့ ၎င်းက ပြောပါတယ်။

လက်ရှိအချိန်မှာ လှိုင်းကြီးနေမှုကြောင့်လည်း ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ရာမှာ အဟန့်အတားဖြစ်စေလျက်ရှိတယ်လို့ သိရပါတယ်။

"  ဒီလှေမှောက်မှုဖြစ်စဉ် ဘာကြောင့်ဖြစ်ရတာလဲ ကျွန်တော်တို့ မသိရသေးပါဘူး၊  ဘာပဲဖြစ်ဖြစ် အကြောင်းရင်းကို ဆက်လက်ရှာဖွေသွားမှာပါ၊ ပျောက်ဆုံးနေသူတွေကိုလည်း ဆက်ရှာသွားမှာပါ" လို့ မူလ်ယာဒီက ပြောသွားပါတယ်။

ယင်း လှေတိမ်းမှောက်မှု ဖြစ်စဉ်ဟာ နိုင်ငံမှာ နောက်ဆုံး ကြံုတွေ့လာရတဲ့ ဖြစ်ရပ်ဆိုးတစ်ခုလည်း ဖြစ်လာခဲ့ပြီး နိုင်ငံမှာ ရှိတဲ့ ကျွန်းစုပေါင်း ၁၇,၀၀၀ ပေါ်မှာ နေထိုင်နေကြရတဲ့ ပြည်သူတွေဟာဆိုရင် သွားရေးလာရေးအတွက် ကူးတို့လှေတွေကိုသာ အဓိက မှီခိုနေရလျက်ရှိပါတယ်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly