ရန်ကုန်တိုင်းအတွင်း မှုဒိမ်းမှု ဖြစ်ပွားနှုန်း ယခင်နှစ်ကထက် များနေ

ရန်ကုန်တိုင်းအတွင်း မှုဒိမ်းမှု ဖြစ်ပွားနှုန်း ယခင်နှစ်ကထက် များနေ

ဇန်နဝါရီလ ၁ ။             ။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၇ ခုနှစ်အတွင်း မုဒိမ်းမှု ၂၇၀ ဖြစ်ပွားခဲ့ပြီး ယခင်နှစ်ထက် ၄၁ မှု တိုး ဖြစ်ပွားခဲ့သည်။
ထို့ပြင် အမှုကြီး ဖြစ်သော လူသတ်မှုသည် ၁၅၆ မှု ဖြစ်ပွားခဲ့သဖြင့် မုဒိမ်းမှုဖြစ်ပွားမှုနှုန်းက ပိုများနေကြောင်း  ရန်ကုန်တိုင်းရဲတပ်ဖွဲ့၏ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တို့တွင် ဖြစ်ပွားခဲ့သော အမှုကြီး ၁၀ မျိုး၊ အခြားမှု ၁၀ မျိုး၊ ကြိုတင်ကာကွယ်မှု ၁၀ မျိုးတို့၏ မှုခင်းနှိုင်းယှဉ်ချက်ဖော်ပြခြင်း ထုတ်ပြန်ချက်တွင် တွေ့ရသည်။
၂၀၁၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သော မုဒိမ်းမှုများတွင် အရွယ်ရောက်ပြီး ပြုကျင့်ခံရမှု  ၈၄ မှု၊ ခိုးယူပေါင်းသင်း၍ ပြုကျင့်ခံရမှု ၁၁၆ မှု၊ သက်ငယ်မုဒိမ်းပြုကျင့်ခံရမှု ရ၀ ဖြစ်ပွားခဲ့သည်။
ယခင်နှစ်ကထက် လူသတ်မှု လျော့ကျသွားသည်ကို တွေ့ရှိရပြီးမုဒိမ်းမှုများသည် ၂၀၁၆ ခုနှစ်က ၂၂၉ မှု ၊၂၀၁၇ တွင် ၂၇၀ မှု ဖြစ်ပွားရာ၌ အရွယ်ရောက်ပြီး ပြုကျင့်ခံရမှု၊ ခိုးယူပေါင်းသင်း၍ ပြုကျင့်ခံရမှု၊ သက်ငယ်မုဒိမ်းပြုကျင့်ခံရမှု စသည့် တစ်ခုချင်းစီအလိုက် မြင့်တက်ခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ၂၀၁၇ ခုနှစ်တွင် အမှုကြီး ၁၀ မျိုးတွင် အပါအဝင် ဖြစ်သော လူသတ်မှု ၁၅၆ မှု၊ လုယက်မှု ၄၅ မှု၊ မုဒိမ်းမှု  ၂၇၀ ၊ တိရိစ္ဆာန်ခိုးမှု  ၅ မှုတို့အပြင်  မတရားအသင်း ၂ မှုတို့ ဖြစ်ပွားခဲ့ကြောင်း တွေ့ရသည်။
အခြားအမှု ၁၀ မျိုးအနေဖြင့် ၂၀၁၆ ခုနှစ်တွင် စုစုပေါင်း (၁၄၇၃၄)မှုဖြစ်ပွားခဲ့ပြီး ၂၀၁၇ခုနှစ်တွင် (၁၆၀၀၈)မှု ဖြစ်ပွား ခဲ့၍ ၂၀၁၆ ခုနှစ်ထက် (၁၂၇၄)မှု ပိုမိုဖြစ်ပွားခဲ့ပါသည်။ ပိုမိုဖြစ်ပွားခဲ့သည့် အမှုများမှာ လိမ်လည်မှု၊ အလွဲသုံးစားမှု၊ လူကုန်ကူးမှု၊ ဆက်သွယ်ရေးဥပဒေဖြင့် အရေးယူမှု၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေဖြင့်အရေးယူမှုတို့ပိုမိုဖြစ်ပွား ခဲ့ကြောင်း မှုခင်းစာရင်းများတွင် ထုတ်ပြန်သည်။
သို့ရာတွင် ကြိုတင်ကာကွယ်ဖမ်းဆီးအရေးယူခဲ့သည့်အမှုပေါင်း ၂၀၁၇ ခုနှစ်တွင် ၅၂၅၂၄ မှု ဖမ်းဆီးနိုင်ခဲ့၍ ၂၀၁၆ ခုနှစ်၊ ၄၂၀၀၃ မှုထက် ၁၀၅၂၁ မှု ပိုမိုဖမ်းဆီးအရေးယူနိုင်ခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် ၂၀၁၈ ခုနှစ်တွင် လုံခြံုရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေး၊ မှုခင်းများလျော့နည်းကျဆင်းရေး တို့အတွက် ရပ်ရွာနေပြည်သူအခြေပြုရဲလုပ်ငန်းစနစ် (Community Based Policing)ကို ရပ်ကွက်/ကျေးရွာနေပြည်သူများနှင့် ပူးပေါင်း၍အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး မှုခင်းပညာပေး ဟောပြောခြင်းများ၊ မှုခင်းကြိုတင်ကာကွယ်ရေးအတွက် မော်တော်ယာဉ်လှည့်ကင်း၊ မော်တော်ဆိုင်ကယ်လှည့်ကင်း၊ စက်ဘီး လှည့်ကင်း၊ ခြေလျင်လှည့်ကင်းများဖြင့် စိုးမိုး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly