နိုင်ငံ့ခေါင်းဆောင်များ၏ ၂၀၁၈ခုနှစ် နှစ်ကူးနုတ်ခွန်းဆက်မိန့်ခွန်းကောက်နုတ်ချက်များ

နိုင်ငံ့ခေါင်းဆောင်များ၏ ၂၀၁၈ခုနှစ် နှစ်ကူးနုတ်ခွန်းဆက်မိန့်ခွန်းကောက်နုတ်ချက်များ

ရန်ကုန်၊ ဇန်နဝါရီ ၁

ဦးထင်ကျော် (နိုင်ငံတော်သမ္မတ)

"နိုင်ငံတော်အစိုးရအနေနဲ့ တာဝန်ယူချိန်ကစပြီး တိုင်းပြည်အကျိုးအတွက်ချမှတ်ထားတဲ့မူဝါဒတွေဖြစ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးဖြစ်ပေါ်လာရေး၊ ပြည်သူတွေရဲ့လူမှုစီးပွားဘဝများမြင့်မားတိုးတက်ရေးတို့အတွက် တစိုက်မတ်မတ်အလေးထားအားထုတ်ကြိုးပမ်းခဲ့တာမှာ အတိုင်းတာတစ်ခုထိအောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့ပါတယ်။ နိုင်ငံသူနိုင်ငံသားများခင်ဗျာ၊ အခုအခါမှာလည်း ၂၁ရာစုပင်လုံညီလာခံရဲ့ အစည်းဝေးအဆင့်ဆင့်တွေကျင်းပပြီး တိုင်းရင်းသားပြည်သူတွေလိုလားတောင့်တတဲ့ဒီမိုကရေစီဖက်ဒရယ်တည်ဆောက်နိုင်ဖို့ အစိုးရ၊ ပြည်သူ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီတွေ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ အတူတကွကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ တည်ငြိမ်အေးချမ်းပြီးဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်တည်ဆောက်ရာမှာ စိန်ခေါ်မှုတွေအခက်အခဲတွေကြံုတွေ့ရတာဟာ သဘာဝပဲဖြစ်ပါတယ်။ ဒီအခက်အခဲတွေကို ပြည်သူတစ်ရပ်လုံးအနေနဲ့ အားအင်ပြည့်ဝစွာပူးပေါင်းပါဝင်ကြဖို့ ဒီကနေ့အနေနဲ့ တိုက်တွန်းလိုပါတယ်။"

ဦးဟင် နရီဗန် ထီးယူ (ဒုတိယသမ္မတ )

"ယနေ့စတင်သည့်၂၀၁၈မှာ မိဘပြည်သူများ၏ လူမှုစီးပွားဘဝများမြင့်မားစေရေး ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးပေါ်ထွန်းလာရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက်တစ်ချက်ဖြစ်တဲ့ ငြိမ်းချမ်းမှုတည်ဆောက်နိုင်ရေးအတွက် မိမိတို့နိုင်ငံသူနိုင်ငံသားအားလုံးညီညီညွှတ်ညွှတ်ချစ်ချစ်ခင်ခင်နဲ တစ်စိတ်တည်းတစ်ဝမ်းတည်းကျော်လွန်ဖြတ်သန်းရမှာဖြစ်ပါတယ်။ နှောင်းကအတွေ့အကြံုတွေကိုသင်ခန်းစာယူပြီး အဲဒီကဆက်ပြီးရလဒ်ကောင်းတွေရရှိနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်ကြမှာဖြစ်ပါတယ်။ နိုင်ငံတော်နှင့်တကွ နိုင်ငံသူနိုင်ငံသားများအကျိုးစီးပွားအတွက် နိုင်ငံတော်အစိုးရကြိုးပမ်းဆောင်ရွက်မှုဟူသမျှမှာ ပြည်သူပါမှအောင်မြင်မှုရမှာဖြစ်တဲ့အတွက် တစ်ခဲနက်သောအင်အားများနှင့်ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့တိုက်တွန်းရင်း ကောင်းကျိုးလိုရာဆန္ဒပြည်စုံကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။"

ဦးမြင့်ဆွေ (ဒုတိယသမ္မတ )

"နှစ်ဟောင်းကအတွေ့အကြံုတွေကို သင်ခန်းစာယူပြီး နှစ်သစ်မှာငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဆင့်ဆင့်တွေ ပိုမိုချောမွေ့လျင်မြန်စွာပြီးမြောက်စေဖို့အတွက် ညီညွှတ်ရေးကိုအရင်းခံတဲ့ စိတ်သစ်လူသစ်များနဲ့ ဆက်လက်ကြိုးပမ်းသွားကြရမှာဖြစ်ပါတယ်။ စည်းလုံးညီညွှတ်ပြီး အသိပညာစွမ်းအား စိတ်ဓာတ်စွမ်းအားများနဲ့ အားထုတ်ကြိုးပမ်းကြမှသာ တိုင်းပြည်ဖွံွ့ဖြိုးတိုးတက်မှာဖြစ်ပါတယ်။ အခက်အခဲတွေမည်သို့ရှိသည်ဖြစ်စေ၊ ပြည်သူ့စွမ်းအားဖြင့် အင်တိုက်အားတိုက်ကြိုးပမ်းဆောင်ရွက်ကြမယ်ဆိုရင်တော့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးအောင်မြင်စွာတည်ဆောက်နိုင်ပြီး ထွက်ပေါ်လာမယ့်အသီးအပွင့်တွေကို ပြည်ထောင်စုသားအားလုံး တန်းတူညီမျှခံစားနိုင်ကြရမှာဖြစ်ပါတယ်။"

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  (တပ် မ တော် ကာကွယ် ရေးဦးစီးချုပ် )

"အခုဆိုရင်၂၀၁၇ခုနှစ် ကုန်ဆုံးခဲ့ပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီတစ်နှစ်တာအတွင်းမှာ ကျွန်တော်တို့ရင်ဆိုင်ဖြတ်သန်းခဲ့ရတဲ့ကိစ္စရပ်များစွာရှိပါတယ်။ အောင်မြင်တဲ့လုပ်ငန်းရပ်တွေရှိသလို ရင်ဆိုင်ကျော်လွှားခဲ့ရတဲ့လုပ်ငန်းရပ်တွေလည်းရှိပါတယ်။ ဒါတွေကိုကျွန်တော်တို့သင်ခန်းစာယူပြီးတော့ ဒီထက်ပိုပြီးကောင်းအောင်လုပ်ဆောင်သွားမယ်ဆိုလို့ရှိရင် ကျွန်တော်တို့တိုးတက်အောင်မြင်မှုတွေ မလွဲမသွေရမှာပဲဖြစ်ပါတယ်။ လာမယ့်ဇန်နဝါရီလ၄ရက်နေ့ဆိုရင် ကျွန်တော်တို့နိုင်ငံလွတ်လပ်ရေးရတာ နှစ်ပေါင်းရ၀ရှိခဲ့ပြီဖြစ်ပါတယ်။ ကျွန်တော်တို့ဖြတ်သန်းလာခဲ့တဲ့သမိုင်းတစ်လျောက်ပြန်ကြည့်မယ်ဆိုလို့ရှိရင် ပထမအချက်အနေနဲ့ နိုင်ငံတော်အေးချမ်းသာယာရေး၊ ဒုတိယအချက်အနေနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ တတိယအချက်အနေနဲ့နိုင်ငံတော်စည်းလုံးညီညွှတ်ရေး သုံးချက်ဟာ ကျွန်တော်တို့ပြည်သူပြည်သားအားလုံး စုစည်းညီညွှတ်စွာနဲ့ဆောင်ရွက်ဖို့ လိုအပ်တဲ့လုပ်ငန်းရပ်ဖြစ်တယ်ဆိုတာ တွေ့ရပါလိမ့်မယ်။ လူတိုင်းလူတိုင်းဟာ သူတို့ရဲ့ လူမှုစီးပွားဘဝတိုးတက်ဖို့အတွက် လိုလားချက်ရှိကြပါတယ်။ ဒါကိုကျွန်တော်တို့တပ်မတော်အနေနဲ ပြည်သူနဲ့အတူ အားလုံးအောင်မြင်အောင် ကူညီဆောင်ရွက်သွားမယ်ဆိုတာ ကျွန်တော်အပြည့်အဝ ဆန္ဒပြုပြောကြားလိုပါတယ်။"

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly