မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်သည် ဆုတ်ယုတ်နေခြင်း မဟုတ်ဘဲ အရှိန်အဟုန်ဖြင့် ဆက်သွားနေခြင်းဟု ပြော

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်သည် ဆုတ်ယုတ်နေခြင်း မဟုတ်ဘဲ အရှိန်အဟုန်ဖြင့် ဆက်သွားနေခြင်းဟု ပြော
ဓာတ်ပုံ - သူရ (မဇ္ဈိမ)

ရန်ကုန်၊ ဒီဇင်ဘာ ၃၁ ။        ။ မြန်မာနိုင်ငံ၏ လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမှာ အရှိန်အဟုန်ဖြင့်ဆက်သွားနေပြီး ဆုတ်ယုတ်ခြင်း မဟုတ် ကြောင်း NLD ဗဟိုအလုပ်သမားရေးရာကော်မတီ၏ ဥက္ကဋ္ဌ ဦးဝင်းထိန်က ပြောသည်။

ယနေ့ ဒီဇင်ဘာလ ၃၁ ရက်၊ ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ရုံးချုပ်တွင်  ၂ ရက်ကြာ ပထမ ဗဟိုကော်မတီ၊ အဋ္ဌမအကြိမ်အစည်းအဝေးအပြီးတွင် ယင်းသို့ပြောခဲ့ခြင်း ဖြစ်သည်။ 

၂၁ ရာစုပင်လုံညီလာခံကို ပထမ အကြိမ်မှ သည် ရှေ့ဆက်အကြိမ်ရေများသို့ ပြုလုပ်သွားမည် ဖြစ်ပြီး ဆက်ကြိုးစားနေခြင်း ဖြစ်သည်ဟု ဆိုသည်။

"၂၁ရာစုပင်လုံညီလာခံ ပထမ၊ ဒုတိယ၊ တတိယက နောက်ထပ် ဇန်နဝါရီမှာ လုပ်မယ် ။ နောက်လာဦးမယ် စတုတ္တ၊ ပဥ္စမ ကြာလှချည်ရဲ့လို့ မအောင့်မေ့နဲ့ ကြာကိုကြာမှာ။ ဒါကငြိမ်းချမ်းရေးနဲ့ ပတ်သတ်လို့ ဆုတ်ယုတ် သွားတာ မဟုတ်ဘူး။ ဆက်လက်ကြိုးစားနေလို့သာလျှင် ပထမ၊ ဒုတိယ၊ တတိယ"ဟု NLD ဗဟိုအလုပ်သမား ရေးရာကော်မတီ၏ ဥက္ကဋ္ဌ ဦးဝင်းထိန်က ပြောသည်။

ဒုတိယအကြိမ် ၂၁ရာစုပင်လုံညီလာခံတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့်သယံဇာတ စသည့် ၃၇ ချက် ကို သဘောတူညီမှုရရှိထားပြီး ၄င်းတို့ထဲမှ အနာဂတ်တွင် ဒီမိုကရေစီအခြေခံသည့် ဖက်ဒရယ်ပြည်ထောင် စုဖြစ်လာစေရန် အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်၊ နိုင်ငံရေးပါတီတို့မှလက်ခံထားကာ အဓိကအနေဖြင့် တပ်မတော်ကပါ လက်ခံထားသည်ဟု NLD ဦးဝင်းထိန်က ပြောသည်။

နိုင်ငံရေး ခေါင်းစဉ်အောက်တွင် မူဝါဒ သဘောတူ ညီချက် ( ၁၂ ) ချက် ချမှတ်နိုင်ခဲ့ပြီး စီးပွားရေး ခေါင်းစဉ် အောက်တွင် မူဝါဒ သဘောတူ ညီချက် ( ၁၁ )ချက် ၊ လူမှုရေးမူဝါဒ သဘောတူ ( ၄ )ချက်၊ မြေယာ ခေါင်းစဉ် အောက်တွင် မူဝါဒ သဘောတူ ( ၁၀ )ချက် စုစု ပေါင်း သဘော တူညီချက် ၃၇ ချက်ကို ချမှတ်နိုင်ခဲ့သည်။

"National အဖွဲ့တွေမှာ အချက်အလက်တွေတိုးလာဖို့ နောက်တစ်ခါလက်မှတ်ရေးထိုးတာတွေတိုးလာဖို့က ငြိမ်းချမ်းရေးကော်မရှင်က ဆက်တိုက်လုပ်ရမှာ။  အသေးစိတ်ကတော့ကျွန်တော်တို့အနေနဲ့ မထုတ်ပြန်နိုင်တာပဲ သိပါတယ် ကျွန်တော်တို့ ကော်မတီထဲလည်း မပါပါဘူး ။ နောက်တစ်ခုပြောချင်တာကတော့ ငြိမ်းချမ်းရေးရဲ့ ကြိုးစားဆောင်ရွက်ဖို့တွေက အရှိန်အဟုန်နဲ့ ပိုမိုတိုးတက်လာတယ်လို့ အဲဒီလိုပဲပြောချင်ပါတယ်"ဟု NLD ပြန်ကြားရေးကော်မတီဥက္ကဋ္ဌ ဦးဉာဏ်ဝင်းက ပြောသည်။

ကမ္ဘာတွင် ထိပ်တန်းဒိမိုကရေစီနိုင်ငံများတွင်အပါအဝင်ဖြစ်သည့် မြောက်အိုင်ယာလန်နိုင်ငံတွင်လည်း နှစ်ပေါင်း ၂၀ ကျော်အချိန်ယူခဲ့ရပြီး တောင်အမေရိကရှိ ကိုလံဘီယာနိုင်ငံတွင်လည်း နှစ်ပေါင်း ၃၀ ကျော် လက်နက်ကိုင်တော်လှန်မှုများရှိခဲ့ပြီးနောက် ငြိမ်းချမ်းရေးဆွေးနွေးနိုင်ခဲ့ကြသည်ဟု ဦးဝင်းထိန်က ဆိုသည်။

ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံတွင် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)က တင်သွင်းလာသည့် မူဝါဒအဆိုပြုချက်များအပေါ် ဏ္ဍအလိုက် အစုအဖွဲ့အလိုက် ဆွေးနွေးပွဲများအဆင့်ဆင့် ပြုလုပ်ပြီး ရရှိလာသောအဆိုပြုချက် ၃၇ ချက်ကို ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်းများအဖြစ် အစုအဖွဲ့ ခေါင်းဆောင်များက လက်မှတ်ရေးထိုးခဲ့ကြသည်။

သို့ရာတွင် မြန်မာနိုင်ငံ၌ လွတ်လပ်ရေးရအပြီးမှ စတင်ပြီး ပြည်တွင်းစစ်သည် ယနေ့အထိ ရှည်ကြာနေကြောင်း တွေ့ရပြီး လက်ရှိတွင် တပ်မတော်နှင့် KIA တို့အကြား တိုက်ပွဲများ ပြင်းထန်လျှက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly