ကင်ညာအလယ်ပိုင်းရှိ အမြန်လမ်းပေါ်၌ ယာဉ်မတော်တဆမှုဖြစ်ပွားပြီး လူ ၃၆ ဦးခန့် သေဆုံး

ကင်ညာအလယ်ပိုင်းရှိ အမြန်လမ်းပေါ်၌ ယာဉ်မတော်တဆမှုဖြစ်ပွားပြီး လူ ၃၆ ဦးခန့် သေဆုံး

နိုင်ရိုဘီ၊ ကင်ညာ ၊ ဒီဇင်ဘာ ၃၁ ။       ။ ကင်ညာနိုင်ငံအလယ်ပိုင်းတွင် တနင်္ဂနွေနေ့မနက်ပိုင်းက ဘတ်စ်ကားတစ်စီးနှင့် လော်ရီကားတစ်စီးတို့ အမြန်လမ်းပေါ်၌တိုက်မိ၍ လူ ၃၆ ဦးခန့်သေဆုံးပြီး ၁၁ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ကင်ညာရဲတပ်ဖွဲ့က ဆိုခဲ့သည်။

“လူပေါင်း ၃၆ယောက် သေဆုံးခဲ့ပါတယ်။ အလောင်းတွေအားလုံးကို အပျက်အစီးပုံကြားထဲက ဆွဲထုတ်ခဲ့ရပြီး ဒဏ်ရာရသူတွေကို ဆေးရုံပို့ပေးခဲ့ပါတယ်” ဟု အမြန်လမ်းရဲမှူးကြီး ဇီးရိုးအာရိုမီက ပြောခဲ့ပြီး မတော်တဖြစ်ရပ်သည် နာကူရုမြို့အနီး၌ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ထိုမတော်တဆဖြစ်ရပ်သည် ကင်ညာနိုင်ငံ၌ အမည်ဆိုးဖြင့်ကျော်ကြားသည့် အန်ကုရု-အယ်လ်ဒိုရက် အဝေးပြေးလမ်းမပေါ်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဘူစီယာမြို့မှထွက်ခွာလာသော ဘတ်စ်ကားတစ်စီးနှင့် အန်ကုရုမြို့ မှ ထွက်ခွာလာသော လော်ရီကားတို့ တိုက်မိခဲ့ခြင်းဖြစ်သည်။ ယခုလအတွင်း အဆိုပါအဝေးပြေးလမ်းမပေါ်၌ ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုများကြောင့် သေဆုံးသူ ၁၀၀ ခန့်အထိရှိလာပြီဟု ရဲတပ်ဖွဲ့က ဆိုခဲ့သည်။

ဆေးရုံ၌ကုသမှုခံယူနေသော မတော်တဆဖြစ်ရပ်ထဲ၌ အသက်ရှင်ကျန်ရစ်သူတစ်ဦးက ဘတ်စ်ကားတိုက်မိချိန် တွင် သူသည် ကားအနောက်ဘက်၌ အိပ်မောကျနေခဲ့ခြင်းဖြစ်သည်ဟု ဖွင့်ဟခဲ့သည်။

“ကျနော်ကြားလိုက်ရတာကတော့ ၀ုန်းကနဲအသံကျယ်ကြီးနဲ့ အော်ဟစ်သံတွေပါပဲ” ဟု သူက ဆိုခဲ့သည်။ ဆက်လက်ပြီး “ကျနော်က နောက်ဘက်ခြမ်းမှာထိုင်နေခဲ့တာပါ။ ကျနော့်ခြေထောက်တွေညပ်နေတာကြောင့် အကူညီတောင်းခဲ့ရပါတယ်။ ဘုရားကျေးဇူးကြောင့်ပဲ ကျနော်အသက်ရှင်တာပါ။ လူတွေအများကြီးသေဆုံးခဲ့ပြီး အလောင်းတွေပုံနေတာကို ကျနော်မြင်ခဲ့ရပါတယ်” ဟု သူက ဆက်ပြောခဲ့သည်။

တရားဝင်အချက်အလက်များအရ ကင်ညာနိုင်ငံအမြန်လမ်းပေါ်၌ ဖြစ်ပွားခဲ့သည့် မတော်တဆဖြစ်ရပ်များ ကြောင့် နှစ်စဉ်သေဆုံးသူ ၃၀၀၀ ၀န်းကျင်ခန့်ရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags