၂၀၁၈ နှစ်သစ်ကူးထုတ်ပြန်ချက်ထဲ၌ အနီရောင်အဆင့်သတိပေးချက် ကုလသမဂ္ဂအကြီးအကဲ ထုတ်ပြန်

၂၀၁၈ နှစ်သစ်ကူးထုတ်ပြန်ချက်ထဲ၌ အနီရောင်အဆင့်သတိပေးချက် ကုလသမဂ္ဂအကြီးအကဲ ထုတ်ပြန်

ကုလသမဂ္ဂ၊ ဒီဇင်ဘာ ၃၁ ။      ။ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်သည် သူ၏ ၂၀၁၈ ခုနှစ် နှစ်သစ်ကူး ထုတ်ပြန်ချက်ထဲ၌ ကမ္ဘာကြီးအတွက် အနီရောင်အဆင့်သတိပေးချက်တစ်ခု ထည့်သွင်းထုတ်ပြန်ခဲ့ပြီး ပိုမိုကြီး ထွားလာသော ပဋိပက္ခများအတွက် သတိပေးခဲ့သလို နျူကလီးယားလက်နက်များနှင့် ပက်သက်၍ သောကများ ပိုမိုများပြားနေရကြောင်း ပြောဆိုခဲ့သည်။

အထွေထွေအတွင်းရေးမှူးချုပ်ရာထူးအား ပထမဦးဆုံးအကြိမ်အဖြစ် လွန်ခဲ့သော ဇန်နဝါရီလ ၁ ရက် ၂၀၁၇ ခုနှစ်က တာဝန်ယူဆောင်ရွက်ခဲ့သည့် ဂူတာရက်စ်သည် ထိုစဉ်က ငြိမ်းချမ်းသောနှစ်တစ်နှစ် ဖြစ်ပေါ်လာစေရန် မေတ္တာရပ်ခံခဲ့သော်လည်း ယခုအခါတွင် ကမ္ဘာကြီးသည် ငြိမ်းချမ်းရေးနှင့် တစ်ခြားစီဖြစ်နေသည်ဟု ပြောဆိုခဲ့ သည်။

ပေါ်တူဂီဝန်ကြီးချုပ်ဟောင်းဖြစ်သူ ဂူတာရက်စ်သည် သူ၏နှစ်သစ်ကူးထုတ်ပြန်ချက်ထဲ၌ ရာသီဥတု အလျင် အမြန်ပြောင်းလဲလာမှု၊ တရားမမျှတခြင်းများ မြင့်တက်လာမှု၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အမျိုးသားရေး လှုပ်ရှားမှုများ မြင့်တက်လာမှုတို့နှင့်ပက်သက်၍လည်း ထည့်သွင်းပြောဆိုခဲ့သည်။

 “ကမ္ဘာတစ်ဝန်းက ချစ်လှစွာသော မိတ်ဆွေများခင်ဗျာ။ မင်္ဂလာနှစ်သစ်ပါ။ လွန်ခဲ့တဲ့တစ်နှစ်က ကျနော်တာဝန် စပြီးထမ်းဆောင်ချိန်မှာ ၂၀၁၇ ခုနှစ်ကို ငြိမ်းချမ်းတဲ့နှစ်တစ်နှစ်ဖြစ်လာစေဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။ ကံမကောင်း စွာနဲ့ပဲ ကမ္ဘာကြီးဟာ ငြိမ်းချမ်းရေးနဲ့တစ်ခြားစီဖြစ်နေပါတယ်။ ဒါကြောင့် ၂၀၁၈ ခုနှစ် နှစ်သစ်ကူးနေ့မှာ ကျနော် မည်သည့်မေတ္တာရပ်ခံမှုမျိုးကိုမှ မလုပ်တော့ပါဘူး။ အဲ့ဒီအစား ကျနော်တို့ကမ္ဘာကြီးအတွက် အမြင့်ဆုံးအဆင့် သတိပေးချက်ကိုပဲ ထုတ်ပြန်လိုက်ပါတယ်။ ပဋိပက္ခတွေဟာ ပိုမိုပြင်းထန်လာပြီး အန္တရာယ်အသစ်တွေလည်း ပေါ်ပေါက်လာပါတယ်” ဟု ဂူတာရက်စ်က ဆိုခဲ့သည်။

ဆက်လက်ပြီး သူက “ အမျိုးသားရေးဝါဒီတွေနဲ့ လူမျိုးခြားကြောက်ရွံ့မှုတွေဟာ မြင့်တက်လာနေပါတယ်။ ဒါကြောင့် ၂၀၁၈ ခုနှစ်စတာနဲ့ အားလုံးစည်းလုံးညီညွတ်ကြဖို့ ကျနော်တောင်းဆိုပါတယ်။ ကျနော်တို့ကမ္ဘာကြီး ကို ပိုမိုဘေးကင်းပြီး လုံခြံုတဲ့ကမ္ဘာကြီးဖြစ်အောင် လုပ်ဆောင်နိုင်မယ်လို့ ကျနော်ယုံကြည်ပါတယ်။ ပဋိပက္ခတွေ ကို ဖြေရှင်းနိုင်မှာပါ။ အမုန်းတရားတွေကို ဖြတ်ကျော်ပြီး ညီတူညီမျှ မျှဝေခံစားဖို့အတွက် ကျနော်တို့အားလုံး အတူတကွ လုပ်ဆောင်ကြရပါမယ်။ ဒါကြောင့် ကမ္ဘာတစ်ဝန်းက ခေါင်းဆောင်များကို ယခုလိုနှစ်သစ်ကူး ကြေညာချက်ထုတ်ပြန်ပြီး တိုက်တွန်းလိုက်ရပါတယ်” ဟု ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly