လူငယ်နဲ့ အနုပညာခံစားမှု ၂

ဒီဇင်ဘာ ၃၁ ။           ။ မနေ့တုန်းက လူငယ်နဲ့ အနုပညာခံစားမှုအကြောင်း နိဒါန်းစကားပြောခဲ့ပါတယ်။ အနုပညာရဲ့ ထူးခြားလေးနက်တဲ့အကြောင်းအရာကိုလည်း အနည်းငယ်ဆွေးနွေးခဲ့ပါတယ်။ အနုပညာနဲ့လူငယ် ပတ်သက်ယှက်နွယ်တတ်ပုံကိုလည်း အစပျိုးခဲ့ပါတယ်။

ဒီကနေ့မှာတော့ လူငယ်တွေ အနုပညာအပေါ် ခံစားနားလည်နိုင်မှုဟာ နှလုံးသားအပေါ်မူတည်ပြီး အထူအပါး ကွာတတ်ကြတဲ့အကြောင်းနဲ့ အနုပညာနဲ့လူငယ် ထိစပ်ယှက်နွယ်မှုရှိနေရင် အဲဒိီလူငယ်တွေဟာ အတ္တဟိတကနေ ပရဟိတဆီ ကူးပြောင်းသွားတတ်ကြကြောင်း ဆွေးနွေးချင်ပါတယ်။

အနုပညာခံစားမှုဟာ လူငယ်အရွယ်မှာရယ်လို့ မဟုတ်ပါဘူး။ မွေးကင်းစအရွယ်ကတည်းက အစပြုခံစားတတ်ကြလေ့ရှိပါတယ်။ ဥပမာ မိခင်ရင်ခွင်ထဲရှိနေစဉ် ဒါမှမဟုတ် ပခက်အတွင်းလဲလျောင်းနေစဉ် မိခင်က သီချင်းဆိုပြီးသိပ်တဲ့အခါ မိခင်က သူ့လက်ကို အထက်အောက်လွှဲရင်း၊ ပခက်ကို ရှေ့တိုးနောက်ငင်တွန်းရင်း “ လူကလေးရဲ့အိပ်ချိန်တန် ဗျိုင်းရှေ့ကပြန် လူကလေးရဲ့အိပ်ချိန်လေး မိတ္ထီလာကန်တော်အောက်က ဖါးကောက်ခဲ့သေး ” အစရှိတဲ့ ငြိမ့်ညောင်းသာယာတဲ့ သီချင်းလေးဆိုပြိီးသိပ်တဲ့အခါ ကလေးက နားစိုက်ထောင်ရင်း အိပ်ပျော်သွားတတ်တာ အားလုံးသိကြမှာပါ။ အဲဒီနေရာမှာ သီချင်းမဆိုပဲ ဆောင့်ကြီးအောင့်ကြီးနဲ့ အသံဆူဆူညံညံကြီးနဲ့သိပ်ရင် ကလေးဟာ တော်တော်နဲ့ အိပ်ဖွယ်ရာ မရှိပါဘူး။ ကလေးတွေဟာ ဆူညံတဲ့အသံထက် သာယာတဲ့အသံကို ပိုပြီးလက်ခံတတ် ခံစားတတ်ကြပါတယ်။ ဒီကြားထဲ ဆိုပြတဲ့သီချင်းစာသားထဲ အသံအနိမ့်အမြင့် စီးဆင်းမှုက လှပငြိမ့်ညောင်းရပါတယ်။ အနုပညာမြောက်ရပါတယ်။ ဒါမှလည်း ကလေးဟာ အဲဒီသီချင်းသံမှာ ခံစားနားထောင်ရင်း အိပ်ပျော်သွားတတ်ကြတာပါ။ ဒါဟာ မွေးကင်းစကလေးကအစ အနုပညာကို ခံစားမှုအဓိကအဖြစ် အလိုအလျောက်လက်ခံတတ်လာတဲ့ သဘာဝပါပဲ။

ကောင်းပါပြီ။ နောင် အသက်အရွယ် အနည်းငယ်ကြိီးလာတဲ့ မြီးကောင်ပေါက်အရွယ်ရောက်လာတဲ့အခါ ပန်းချီကားလေးဆွဲချင်တာတို့ သီချင်းကလေး ညည်းချင်တာတို့၊ ကဗျာလို စာလို စာတိုပေစလေး ရေးချင်တာတို့၊ ဂစ်တာလေးခေါက်ချင် ကကွက်ကလေး ကလိုက်ချင်တာတို့ အစရှိတဲ့ ထူးခြားတဲ့ အနုပညာစျာန်ဝင်စားမှုအစကို လူငယ်တွေ စပြီး စွဲလာတတ်ကြပါတော့တယ်။ တချို့ အဲဒီ အနုပညာခံစားမှုကြိုးအစကိုဆွဲမိတဲ့အခါ တစ်သက်လုံး ခတ်တင်းတင်းအဆုံးအထိ ဆွဲလာတတ်ကြပြီး တချို့ကတော့ အသက်အရွယ်ရလာတာနဲ့အမျှ အဲဒီအနုပညာခံစားမှုကြိုးစကို တဖြေးဖြေးလျော့တိလျော့ရဲ ဆွဲလာတော့တာမျိုးလည်း ရှိပါတယ်။

အနုပညာဆိုတာ ငြိမ်းချမ်းမှု၊ လှပမှု၊ နွေးထွေးပျော်ရွှင်မှုဆိုတဲ့ ရသအခြေခံအပေါ်မှာ တည်ရှိတာဖြစ်လို့ လူတွေမငြိမ်းမချမ်းဖြစ်ရတဲ့အခါ လူတွေမလှမပဖြစ်ရတဲ့အခါ လူတွေ ပူလောင်ရတဲ့အခါ အနုပညာစိတ်အခြေခံရှိတဲ့လူငယ်တွေဟာ စာနာမှုဖြစ်ကြရပါတယ်။ ငြိမ်းချမ်းလှပ နွေးထွေးမှုကိုလိုလားတဲ့လူငယ်တွေဟာ မငြိမ်းချမ်း မလှပ မနွေးတဲ့လူတွေရဲ့အခြေအနေကို ကိုယ်ချင်းစာစိတ်နဲ့ ဂရုဏာသက်ကြရပါတယ်။ အဲဒီအခါ လူတွေ ငြိမ်းချမ်းလှပ နွေးထွေးမှု ဖြစ်လာရှိလာရလေအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့အတွေးဝင်လာတတ်ကြပြီး ပရဟိတစိတ်အလိုလို မွေးဖွားရင့်သန်ကြရ ပါတယ်။ မိမိတကိုယ်ရေ ငြိမ်းချမ်းလှပနွေးထွေးစေဖို့အတွက်တင်မက သူ့ပတ်ဝန်းကျင်က လူတွေကိုလည်း ငြိမ်းချမ်းလှပ နွေးထွေးစေရအောင် ပရဟိတအလုပ်တွေ လုပ်ပါတော့တယ်။ ဥပမာ ရပ်ကွက်လူမှုရေးလုပ်ငန်းကလေးတွေ၊ သာရေးနာရေးကိစ္စလေးတွေကအစ ၀င်ကူကြပါတော့တယ်။ နောက်တော့ ပိုမိုကျယ်ပြန့်လေးနက်တဲ့ လူမှုရေးတွေအထိ လုပ်ကြပါတယ်။ တခါတလေ တချို့တလေဆိုရင် လူတွေ မငြိမ်းချမ်း မလှပ မနွေးထွေးမှ သူတို့ဘဝ ငြိမ်းချမ်းလှပနွေးထွေးမယ်ဆိုတဲ့စိတ်နဲ့ ကိုယ့်အကျိုးသက်သက်ချည်းပဲကြည့်တတ်ကြသူတွေကို ရင်ဆိုင်ဆန့်ကျင်ပြပြီး အဲဒီလိုလူတွေ လျော့နည်းပပျောက်သွားအောင် ကိုယ့်အသက်ကိုပင် ပဓါနမထားတော့ပဲ ပရဟိတစိတ်အပြည့် စွန့်စားဆောင်ရွက်တတ်ကြတဲ့လူငယ်တွေလည်း ရှိလာတတ်ကြပါတော့တယ်။

ဒါကို အနှစ်ချုပ်ရင် လူငယ်တွေဟာ သူတို့နှလုံးသားအခံ၊ သူတို့ဗီဇအခံ၊ သူတို့မွေးဖွားကြီးပြင်းရတဲ့ဘဝဝန်းကျင်အခံအပေါ်မူတည်ပြီး အနုပညာခံစားမှု ရရှိလာတတ်ကြရင်းက ပရဟိတလုပ်ငန်းတွေလုပ်ဖို့ စိတ်ထက်သန်လာတတ်ကြပုံကို ဆွေးနွေးခဲ့တာပါ။

ဒီနေရာမှာ အနုပညာစိတ် အနုပညာအခြေခံ အနုပညာခံစားမှုဆိုတာ ဂစ်တာတီးတတ်မှ၊ သီချင်းဆိုတတ်မှ၊ ကတတ်ခုန်တတ်မှ၊ ပန်းချီဆွဲတတ်မှ၊ ကဗျာရေးတတ်မှရယ်လို့မဟုတ်ပါဘူး။ အနုပညာစိတ်ဆိုတာ ငြိမ်းချမ်းလှပ နွေးထွေးမှုကိုဆိုလိုခြင်းဖြစ်တယ်ဆိုတာကိုလည်း နားလည်ရပါလိမ့်မယ်။

ပရဟိတစိတ်က အနုပညာခံစားမှုအခြေခံရှိတဲ့လူငယ်မှပဲ ရှိတတ်တဲ့စိတ်လားလို့ စောဒကတက်လို့ရတာမျိုးလည်း ရှိပါတယ်။ ဟုတ်ပါတယ်။ ရှိတော့ ရှိပါတယ်။ ဒါပေမယ့် အဲသလိုလူငယ်မျိုးက ရှားပါးပါတယ်။ ဒါပေမယ့် အထူးသတိထားရမယ့်အချက်က ပရဟိတစိတ်နည်းပါးလွန်းတဲ့လူငယ်တချို့ဟာ အချိန်မရွေး အတ္တကြီးလွန်းတဲ့လူကြီးတွေဖြစ်လာတတ်တာတော့ သတိပြုရပါမယ်။ သူ့မှာ အနုပညာအခြေခံစိတ်အားနည်းမယ်၊ အဲသလိုအားနည်းရင် ကိုယ်ချင်းစာစိတ်နည်းမယ်၊ အဲဒီအခါ ပရဟိတထက် အတ္တဟိတသာလျင် အမှန်ဖြစ်တယ်လို့ မြင်လာတတ်ပါတယ်။ အဲဒီအခါ အဲသလိုလူငယ်ဟာ သူ့ပတ်ဝန်းကျင်ကလူတွေရဲ့ သောကတွေ မျက်ရည်တွေကို မြင်နိုင်စွမ်းမရှိတော့ပါဘူး။ အဲသလိုလူတွေကို ကူညီဖို့ မစဉ်းစားနိုင်တော့ပါဘူး။ တဆင့်တက်ရင် ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုတဲ့စိတ်ကို မရှက်မကြောက် ကိုင်ဆွဲလိုက်ဖို့ ၀န်မလေးတတ်ကြတော့ပါဘူး။ ပရဟိတစိတ်ရှိကြတဲ့လူငယ်တွေကို မုန်းတီးတဲ့စိတ်၊ အထင်သေးအမြင်သေးတဲ့စိတ်၊ လှောင်ပြောင်တိုက်ခိုက်လိုတဲ့စိ်တ်ကိုလည်း လည်မှာဆွဲဖို့ ၀န်မလေးတတ်ကြတော့ပါဘူး။

အနုပညာခံစားတတ်မှုစိတ်အခြေခံဟာ လူငယ်တွေအတွက် အင်မတန်အရေးကြီးပါတယ်။ ဒီစိတ်ဟာ ကိုယ်ချင်းစာတရားရဲ့အမိအဖလည်းဖြစ်ပါတယ်။ လူငယ်တွေ ငယ်စဉ်ကတည်းက အဲဒီ အနုပညာခံစားတတ်မှုစိတ်ကို အလေးအနက်ထားပြီး လေ့လာလေ့ကျင့်ဖို့သင့်ပါတယ်။ အမြင့်ဆုံးထားပြိီးပြောရရင် အဲဒီအနုပညာခံစားတတ်မှုစိတ်လို့ဆိုတဲ့ ငြိမ်းချမ်းလှပ နွေးထွေးမှုလိုလားတဲ့စိတ် ရင့်သန်ကြတဲ့ တိုင်းနိုင်ငံတွေဟာ ကမ္ဘာပေါ်မှာ ထိပ်တန်းကို ရောက်ကြရပြီး ကမ္ဘာ့ရှေ့ဆောင်နိုင်ငံတွေ၊ ကမ္ဘာ့စံပြနိုင်ငံတွေ၊ လွတ်လပ်ပြီး ငြိမ်းချမ်းကြွယ်ဝတဲ့ နိုင်ငံတွေဖြစ်လာကြရတာ လက်တွေ့ပါပဲ။

ဒါကြောင့်မို့ လူငယ်နဲ့ အနုပညာခံစားလေ့ကျင့်မှုဟာ အရေးကြိီးပါတယ်။ လူငယ်နဲ့ ကိုယ်ချင်းစာတရားဟာ အရေးကြီးပါတယ်။ လူငယ်နဲ့ ပရဟိတစိတ်ဟာ အရေးကြီးပါတယ်။

လူငယ်တွေ အနုပညာခံစားမှုစိတ် သို့မဟုတ် ကိုယ်ချင်းစာတရား သို့မဟုတ် ပရဟိတစိတ် ထက်သန်တန်ဘိုးထားနိုင်ကြပါစေ။ လူငယ်တိုင်းရဲ့ မိုးကောင်းကင် ဖြူစင်လှပနိုင်ကြပါစေဗျား။   ။

 

 

Mizzima Weekly