ရထားနှင့် လူ၊ ယာဉ်များတိုက်မိပါက အတိုက်ခံရသူကို တရားစွဲနိုင်၊ ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်

ရထားနှင့် လူ၊ ယာဉ်များတိုက်မိပါက အတိုက်ခံရသူကို တရားစွဲနိုင်၊ ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်

ရန်ကုန်၊ဒီဇင်ဘာ၂၉ ။        ။ မီးရထား မောင်းနှင်လာစဉ် ယာဉ်များ၊ လူများနှင့်တိုက်မိပါက အတိုက်ခံရသူကို ထောင်ဒဏ် ၁၀ နှစ်အထိနှင့် ငွေဒဏ်ချမှတ်ကာ တရားစွဲဆိုနိုင်ကြောင်း မြန်မာ့မီးရထား၊ သွားလာပို့ဆောင်ရေးဌာန၏ အထွေထွေမန်နေဂျာ ဦးကျော်ကျော်မျိုးက ပြောသည်။

မြန်မာ့မီးရထားမှ ယာဉ်မတော်တဆမှုများနှင့်ပတ်သတ်၍ ဒီဇင်ဘာ၂၉ ရက်နေ့၌ မြန်မာ့မီးရထား အောက်မြန်မာပြည်ရုံးတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး အဆိုပါပွဲ၌ ပြောခဲ့ခြင်း ဖြစ်သည်။

မီးရထားမတော်တဆမှုများ၊ လိုက်နာရမည့်အချက်များနှင့် ဖြစ်စဉ်များကို ပြောခဲ့ပြီးနောက် ထိုကဲ့သို့ ဖြစ်ရပ်များ လျော့နည်းစေရန် လုပ်ဆောင်နေမှုများကို ရှင်းလင်းခဲ့သည်။

၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့၌ အတည်ပြုပြဌာန်းခဲ့သည့် ရထားပို့ဆောင်ရေးလုပ်ငန်းနည်းဥပဒေ တားမြစ်ချက် အခန်း(၁၈) အပိုဒ်(၈၀)၊ အပိုဒ်ခွဲ(က)တွင် မည်သူမဆို ရထားမောင်းနှင်နေစဉ်သော် လည်းကောင်း၊ ရပ်နေစဉ်သော်လည်းကောင်း စီးနင်းလိုက်ပါသူ၏ အသက်ကိုဖြစ်စေ၊ လုံခြံုရေးကို ဖြစ်စေ၊ ဘေးဖြစ်စေရန် တမင်ပြုလုပ်ခြင်း၊ မဆင်မခြင်သို့မဟုတ် ပေါ့တီးပေါ့ဆပြုလုပ်ခြင်းတို့အပါအဝင် မည်သည့် ပြုလုပ်မှုမျှ မပြုလုပ်ရဟု ဖော်ပြထားသည်။

ပြစ်ဒဏ်များအခန်း(၁၉) ပုဒ်မ(၈၅) အပိုဒ်(၈၀)၌ ထိုကဲ့သို့ ချိုးဖောက်သူကို ထောင်ဒဏ် (၃)နှစ်မှ ထောင်ဒဏ် (၁၀)နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်ပါချမှတ်နိုင်သည်ဟု ရေသားထားသည်။ ဥပဒေမှာ စည်းကမ်းလိုက်နာစေရန် တင်းတင်းကြပ်ကြပ်ချမှတ်ထားခြင်းဖြစ်သည်ဟု အထွေထွေမန်နေဂျာ ဦးကျော်ကျော်မျိုးက ပြောသည်။

"အသက်လည်းဆုံးရှုံးရဦးမယ်ဗျာ၊ ကိုယ်လက်အင်္ဂါတွေလည်းဆုံးရှုံးရဦးမယ်ဗျာ၊ အလုပ်တွေအကိုင်တွေလည်း ပျက်ကြရဦးမယ်၊ ဒီ့အပြင်ကို တရားစွဲတာလည်းခံကြရဦးမယ်ဗျာ။ ဒါလေးကိုလည်း မီးရထားရဲ့ ရထားလုပ်ငန်း ဥပဒေအရ ဒီတိုင်းဖော်ပြထားလို့ ဒီတိုင်းဆောင်ရွက်နေပါတယ်။ သာမန်လေးတိုက်ရင်တောင်မှ ဒီတိုင်း အရေးယူပါတယ်၊ ဆိုင်ကယ်နဲ့ ပွတ်တိုက်မိပါတယ်။ ဒီလိုဖြစ်တာနဲ့ မီးရထားက ယာဉ်တိုက်မှုဖြစ်စဉ်အဖြစ် သတ်မှတ်ပြီး အရေးယူပါတယ်"ဟု သွားလာပို့ဆောင်ရေး၏ အထွေထွေမန်နေဂျာ ဦးကျော်ကျော်မျိုးက ပြောပြသည်။

ရထားလမ်းကူးခုံးကျော်တွင် ရထားနှင့် ယာဉ်တိုက်မှုများ၌ ယခုနှစ် ၂၀၁၇-၂၀၁၈ခုနှစ်၏ (၈)လစာမှာ (၅၃)မှုရှိနေသည်။
၂၀၁၅-၂၀၁၆ခုနှစ် တစ်နှစ်လုံးစာတွင် ကုန်းကျော်တွင် ရထားနှင့်ယာဉ်တိုက်မှု အကြိမ်(၇၀)ရှိခဲ့ကာ အများဆုံးနှစ် ဟု သတ်မှတ်နိုင်သော်လည်း ယခုနှစ် ၈ လစာမှာ အဆိုပါနှစ်ကထက် တစ်လချင်းစီ တိုက်မိ အကြိမ်အရေအတွက် များပြားနေသည်။

ဂုံးကျော်ယာဉ်တိုက်မှုတွေများမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ၈ လစာအတွင်း ၁၁ ဦးသေ၊  ၃၅ ဦး ဒဏ်ရာ ရရှိခဲ့ပြီး ယခင်နှစ်တစ်နှစ်လုံးတွင် ၁၁ ဦးသေ၊  ၃၇ ဦး ဒဏ်ရာရရှိခဲ့သည်။

ရထားနှင့်ပတ်သတ်၍ ချမှတ်ထားသည့်စည်းကမ်းများဖြစ်သော ရထားလမ်းနှင့်မလွတ်သည့်နေရာတွင် ယာဉ်များရပ်တန့်ထားခြင်း၊ ရထားလာသည်ကိုမြင်လျက်လွတ်မည်မှတ်၍လမ်းကူးခြင်း၊ နားကြပ်တပ်၊ သီချင်းနားထောင်ကာ ရထားနှင့်မလွတ်သည့်နေရာများမှလမ်းလျောက်ခြင်း၊ ရထားလမ်းပေါ်တွင်အိပ်ခြင်း၊ ဝိုင်းဖွဲ့ခြင်း၊ ကစားခြင်း၊ တွဲကြိုတွဲကြားမှ စီးနင်းခြင်း၊ ရထားမရပ်မှီ အတက် အဆင်း လုပ်ခြင်း၊ ရထားလာစဉ် မျဉ်းဝါအတွင်းဝင်ရောက်ခြင်း စသည်တို့ကို ဖောက်ဖျက်ရာမှာ သေဆုံး၊ ဒဏ်ရာရရှိခဲ့သူများလည်းရှိသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်(၈)လစာအတွင်း စည်းကမ်းမလိုက်နာမှုကြောင့် (၅၁)ဦးသေဆုံးခဲ့ပြီး (၇၀)ဦး ဒဏ်ရာရရှိခဲ့သည်။ယခင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် စည်းကမ်းမလိုက်နာမှုကြောင့်သေဆုံးသူ (၁၀၂)ဦးနှင့် ဒဏ်ရာရသူ(၇၇)ဦး ရှိခဲ့သည်။
တစ်နိုင်ငံလုံးတွင် ရထားလမ်းကူး(Level Crossing) စုစုပေါင်း(၁၆၇၇)ခုကို တရားဝင်ထားရှိပေးထားပြီး ၄င်းတို့အနက် (၇၁၈)ခုတွင် အစောင့်ခန့်ကာ ဆောင်ရွက်ပေးနေသည်။ တရားမဝင် ရထားလမ်းကူးဂိတ်မှာ (၂၄၈၅)ခုရှိနေပြီး ရထားလမ်းကူးစုစုပေါင်း(၄၁၅၂)ခု ရှိနေသည်။

လက်ရှိတွင် ရထားအန္တရာယ်နှင့်ပတ်သတ်၍ တီဗီများတွင် ပညာပေးများပြသရန် စီစဉ်ထားပြီး ကျောင်းသင်ခန်း စာများတွင် ပညာပေးထည့်သွင်းရန် လုပ်ဆောင်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly