တရားစွဲမည်ဟု သတိပေးစာရရှိထားမှုအပေါ် စားသုံးသူကာကွယ်ရေး အစည်းဝေး ပြုလုပ်

တရားစွဲမည်ဟု သတိပေးစာရရှိထားမှုအပေါ် စားသုံးသူကာကွယ်ရေး အစည်းဝေး ပြုလုပ်

 

ရန်ကုန်၊ဒီဇင်ဘာ၂၉ ။            ။ ပဲစားပွဲတော် ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်နှင့်ပတ်သတ်၍ စားသုံးသူကာကွယ်ရေးအသင်းကို တရားစွဲမည် ဟု သတိပေးစာရရှိပြီးနောက် ယနေ့ ဒီဇင်ဘာ၂၉ ရက် ညနေ ၄ နာရီတွင် စားသုံးသူကာကွယ်ရေးအသင်းမှ အစည်းအဝေးတစ်ခုပြုလုပ်နေကာ ဆုံးဖြတ်ချက်ရယူသွားမည်ဖြစ်ကြောင်း စားသုံးသူကာကွယ်ရေးအသင်း၏ ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောသည်။

"ညနေ ၄ နာရီမှာ အတွင်း အပြင်အစည်းအဝေး ခေါ်ထားပါတယ်။ ဆရာတစ်ယောက်တည်းရဲ့ သဘောထားနဲ့ ထုတ်ပြန်တာမဟုတ်တဲ့အတွက် ဘယ်လိုဆုံးဖြတ်မယ်ဆိုတာကို ဆရာတို့ အစည်းအဝေးခေါ်ထားပါတယ်"ဟု မြန်မာနိုင်ငံ၊ စားသုံးသူကာကွယ်ရေးအသင်း၏ ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောသည်။

အစည်းအဝေးပြီးလျှင် တရားဝင် တောင်းပန်သင့် မသင့် ဆုံးဖြတ်ချက်ချမည်ဖြစ်ကာ ညနေ ၆ နာရီအချိန်တွင် အစည်းဝေးပြီးမည်ဖြစ်သည်။

ယခု ဒီဇင်ဘာ၃၁ရက် တနင်္ဂနွေနေ့ မတိုင်ခင် ပြန်လည်တောင်းပန်ရန်နှင့် မတောင်းပန်ပါက တရားစွဲဆိုမည် ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်ဦးလက်မှတ်ဖြင့် စာထဲတွင် ရေးသားထားသည်ဟု ဆိုသည်။

မြန်မာနိုင်ငံမှ စိုက်ပျိုးထုတ်လုပ်သော ပဲများသည် ပိုးသတ်ဆေးဓာတ်ကြွင်းများ များပြားနေသောကြောင့် စားသုံးသူများ၏ ကျန်းမာရေး ထိခိုက်စေနိုင်သည့်အတွက် ပဲစားသုံးမှုမြှင့်တင်ပွဲကို ရပ်ဆိုင်းရန် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးမှ ကန့်ကွက်သည့် သဘောထားကြေညာချက်တစ်ရပ်ကို ဒီဇင်ဘာ ၂၆ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည််။

အဆိုပါကြေညာချက်တွင် မြန်မာနိုင်ငံမှ စိုက်ပျိုးထုတ်လုပ်နေသည့် ပဲများတွင် ပိုးသတ်ဆေးမသုံးရန် လုပ်ဆောင်သင့်ပြီး ထိုသို့ လုပ်ဆောင်ရမည့်အစား စျေးကွက်နှင့် အရောင်းအဝယ် ကျဆင်းမှုတို့ကြောင့် ရောင်းမကုန်သည့် ပိုးသတ်ဆေးဓာတ်ကြွင်းများ များပြားနေသည့် ပဲများကို ပြည်တွင်းစားသုံးသူများကို ရောင်းချရန် ရည်ရွယ်၍ ပဲစားသုံးမှုမြှင့်တင်ရေး ပွဲတော်များ   ပြုလုပ်နေသည့်အတွက် ကန့်ကွက်ရခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းထုတ်ပြန်ချက်မှာ ပြည်သူနှင့် ဌာနဆိုင်ရာများကြားထဲ၌ အထင်မြင်လွဲမှုများ ဖြစ်ပေါ်စေနိုင်ကြောင်း  စီးပွားကူးသန်းဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်က မှတ်ချက်ပြုထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly