စတော့စျေးကွက်ကို အွန်လိုင်းမှ တစ်ဆင့် အရောင်းအဝယ်ပြုလုပ်နိုင်မည်ဖြစ်ပြီး တစ်ကြိမ်ကို ကျပ်သိန်းတစ်ရာအထိ ခွင့်ပြု

စတော့စျေးကွက်ကို အွန်လိုင်းမှ တစ်ဆင့် အရောင်းအဝယ်ပြုလုပ်နိုင်မည်ဖြစ်ပြီး တစ်ကြိမ်ကို ကျပ်သိန်းတစ်ရာအထိ ခွင့်ပြု

 

“အခု အွန်လိုင်းစနစ်ရှိလာပြီဆိုတော့ အရင်က စတော့စျေးကွက်မှာ မပါ၀င်နိုင်တဲ့ သူတွေလည်း ပါ၀င်လာနိုင်မှာဖြစ်ပါတယ်။ ပြီးတော့ ကျွန်တော်တို့နိုင်ငံရဲ့ မိုဘိုင်းဖုန််း ထိုးဖောက်ဝင်ရောက်မှုက ကမ္ဘာပေါ်မှာ နံပတ် ၃ လောက် ရှိတယ်။ အကုန်လုံးက Smart Phone ပေါ်မှာပဲ။ ပြီးတော့ အခု လူငယ်တွေကလည်း နည်းပညာအပေါ်မှာလည်း စူးစမ်းကျတယ်၊ ပိုက်ဆံလည်း ပိုပြီး စုချင်လာကြတယ်ဆိုတော့ နယ်က လူငယ်တွေနဲ့ မြို့ကြီးတွေက လူငယ်တွေ ပိုပြီး ပါ၀င်လာမယ်လို့ ထင်ပါ တယ်” ဟု AYA Trust Securities ၏ အကြီးတန်း ဒုတိယဥက္ကဌဖြစ်သူ Ricky Oo ခေါ် ဦးဖုန်းသက်ဦးက မဇ္စျိမကို ပြောသည်။

မြန်မာနိုင်ငံ၏ ငွေကြေးအရင်းအနှီးစျေးကွက်ဖြစ်သော ရန်ကုန်စတော့အိတ်ချိန်းတွင် ရင်းနှီးမြှုပ်နှံသူ(Investor) ပိုမို များပြားလာ စေရန်၊ ကျေးလက်ဒေသမြို့နယ်များရှိ ပြည်သူများ စိတ်ပါ၀င်စားလာစေရန် စသည့်ရန်ရွယ်ချက်များဖြင့် ရန်ကုန်စတော့အိတ်ချိန်း (YSX) တွင် အွန်လိုင်းမှ တစ်ဆင့်အရောင်းအဝယ်လုပ်ကိုင်မည့်စနစ် (Online Trading) ကို ယခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့က မြန်မာနိုင်ငံငွေချေးသက်သေခံလုပ်ငန်းကြီးကြပ်ရေးကော်မရှင် (SECM) က ခွင့်ပြုလိုက်ပြီဖြစ်ကာ တစ်ကြိမ်လျှင် အများဆုံး ကျပ် သိန်းတစ်ရာအထိ အရောင်းအဝယ်ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်စတော့အိတ်ချိန်း (YSX) ၏ ပုံမှန် ရှယ်ယာအရောင်းအဝယ်လုပ်ငန်းများ (Normal Trading or Offline Trading) ကို လွန်ခဲ့သော အချိန် တစ်နှစ်ခွဲကျော်အတွင်း ငွေချေးသက်သေခံလက်မှတ်ရောင်းချပေးသည့်ကုမ္ပဏီများ (Securities) မှတစ်ဆင့် လုပ်ကိုင်ခဲ့ခြင်းဖြစ်ရာ ယခုကဲ့သို့ မိုဘိုင်းဖုန်း၊ တက်ဘလက်၊ ကွန်ပြူတာစသည်တို့မှ အွန်လိုင်းရှယ်ယာအရောင်းအဝယ်ကို ပြုလုပ် နိုင်မည်ဖြစ်သောကြောင့် ရန်ကုန်စတော့အိတ်ချိန်း၏ စျေးကွက်သည် ပိုမို သွက်လက်လာမည်ဟု မြန်မာငွေချေးသက်သေခံလက် မှတ်ကြီးကြပ်ရေးကော်မရှင် အဖွဲ့ဝင် ဦးဌေးချွန်က ဆိုသည်။

"Online Trading ဆိုတာက တစ်နိုင်ငံလုံးမှာရှိတဲ့ လူအားလုံး စမတ်ဖုန်းရှိရုံနဲ့ လုပ်လို့ရမယ်။ အဲလိုမားကတ်က ပိုပြီးတော့ Active (သွက်လက်) လာမယ်။ အရောင်းအဝယ်သွက်လက်လာမယ်" 

အဆိုပါ အွန်လိုင်းရှယ်ယာအရောင်းအဝယ်ကို ငွေချေးသက်သေခံလက်မှတ်ရောင်းချပေးသည့် ကုမ္ပဏီ (၄) ခုဖြစ်သည့် Myanmar Securities Exchange Center(MSEC) ၊ KBZ Stirling Coleman Securities (KBZSC) ၊ CB Securities နှင့် AYA Trust Securities များကို SECM၏ နည်းပညာနှင့် လုံခြံုရေးစံသတ်မှတ်ချက်များအတိုင်း ခွင့်ပြုထားသည်။

အွန်လိုင်းစနစ်အတွက် သက်ဆိုင်ရာ Securities (၄) ခု၏ အပ်ပလီကေးရှင်းများကို Google Play Store, Apple Play Store တို့မှ ဒေါင်းလုပ်ရယူခြင်းဖြင့်လည်းကောင်း၊ သက်ဆိုင်ရာ Securities များတွင် အခမဲ့ရယူခြင်းဖြင့် သော်လည်းကောင်း ရယူ သုံးစွဲနိုင်မည်ဖြစ်သည်။

အွန်လိုင်းစနစ်ဖြင့် ရှယ်ယာအရောင်းအဝယ် ပြုလုပ်လိုသူများအနေဖြင့် ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီ (၄) ခု တွင်  ယခင် စာရင်းဖွင့်လှစ်ပြီးသူများ၊ စာရင်းအသစ်ဖွင့်လှစ်သူများ အနေဖြင့် အွန်လိုင်းရောင်းဝယ်မှု စည်းမျဉ်းနဲ့ပတ်သက်သည့် သဘောတူ ညီချက်များ ငွေချေးသက်သေခံကုမ္ပဏီများနှင့်  ထပ်မံချုပ်ဆိုရမည်ဖြစ်ကြောင်း သိရသည်။

ယင်းသဘောတူညီမှုများအနက် ရင်းနှီးမြှုပ်နှံသူများ၏ အချက်အလက်များကို မိမိကိုယ်တိုင် ထိန်းသိမ်းရမည်ဆိုသည့် အချက် လည်း ပါ၀င်နေသည်။

“သဘောတူညီမှုတစ်ခုမှာဆိုရင် ရင်းနှီးမြှုပ်နှံသူက အွန်လိုင်းစနစ်အတွက် မိမိရဲ့ ID Password ကို မိမိဘာသာ ကာကွယ် ထိန်းသိမ်းရမယ်။ ဖြစ်နိုင်ရင်တော့ မိမိရဲ့ Password ကို ပြောင်းနေရမှာပေါ့” ဟု Securities ကုမ္ပဏီတစ်ခုဖြစ်သည့် MSEC ၏ အမှုဆောင်ဒါရိုက်တာဖြစ်သူ ဒေါ်ခင်ထွေးရွှေက ဆိုသည်။

ထို့အပြင် အွန်လိုင်းစနစ်မှတစ်ဆင့် ရှယ်ယာအရောင်းအဝယ်ပြုလုပ်လိုသူများသည် တစ်ကြိမ်လျှင် အများဆုံး ငွေကျပ် သိန်းတစ်ရာအထိသာ အရောင်းအဝယ်ပြုလုပ်ရမည်ကို သဘောတူညီ၊ နားလည်ထားရမည်ဖြစ်ကြောင်း သိရသည်။

“အွန်ုလိုင်းနဲ့ အရောင်းအဝယ်လုပ်မယ်ဆိုရင် ကွာဟသွားတာရှိပါတယ်။ အွန်လိုင်းဆိုရင် သူ့ရဲ့ သတ်မှတ်ချက်က တစ်ကြိမ်ကို ၁၀ သန်း ကျပ် (သိန်း တစ်ရာ) ဖြစ်ပါတယ်။ ရိုးရိုးဆိုရင် သတ်မှတ်ချက်မရှိပါဘူး” ဟု ဒေါ်ခင်ထွေးရွှေက ဖြည့်စွပ်ပြောဆိုသည်။

CB Securities မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးသောင်းဟန်က " အဓိကတော့ လူတွေ အလွယ်တကူနဲ့ ရောင်းဝယ် လို့ ရသွားမယ်။ ရောင်းဝယ်လို့ရသွားတဲ့အတွက် ခါတိုင်း Trader တွေကနေ ကုမ္ပဏီရဲ့ Trader တွေကနေ ရောင်းဝယ်ရာကနေ မိမိတို့ ကိုယ်တိုင် စိတ်တိုင်းကျ လုပ်ခွင့်ရတဲ့ လူတွေရဲ့ စိတ်ဝင်စားမှုလည်း ပိုများလာ တယ်။ အဲဒီအတွက်ကြောင့်မို့လို အရောင်းအဝယ်တွေလည်း ပိုကောင်းလာမယ်" ဟု ဆိုသည်။

ကမ္ဘာ့ဘဏ်၊ အာရှဖွွံ့ဖြိုးရေးဘဏ် (ADB) နှင့် နိုင်ငံတကာဘဏ္ဍာရေးရန်ပုံငွေအဖွဲ့(IMF) စသည့် ငွေကြေးနှင့် ဖွံ့ဖြိုးရေး အထောက်အကူပြု အဖွဲ့အစည်းများ၏ ဖော်ပြချက်များအရ မြန်မာနိုင်ငံ၏ မိုဘိုင်းဖြန့်ကျက်မှုသည် လူဦးရေး၏ ရာခိုင်နှုန်း ၉၀ ခန့်သို့ ရှိနေနိုင်မည်ဖြစ်ပြီး အင်တာနက်အသုံးပြုမှုသည်လည်း ကမ္ဘာ့ထိပ်တန်းစာရင်းတွင် ပါ၀င်နေသည်။

အာရှတိုက်ရဲ့ ဒစ်ဂျစ်တယ်စျေးကွက်နှင့် အရင်းအမြစ်များ အကြောင်းကို လေ့လာနေသည့် Digital Asia မီဒီယာ၏ ဖော်ပြချက်အရ ၂၀၁၇ ဇန်နဝါရီလအထိ အမှန်တကယ်မိုဘိုင်းဖုန်းသုံးစွဲသူအရေအတွက်မှာ အနည်း ဆုံး ၃၃ သန်းရှိမည်ဟု တွက်ချက်ထားသည်။

ထိုအခြေအနေများကြောင့် “အခု အွန်လိုင်းစနစ်ရှိလာပြီဆိုတော့ အရင်က စတော့စျေးကွက်မှာ မပါ၀င်နိုင်တဲ့ သူတွေလည်း ပါ၀င်လာနိုင်မှာဖြစ်ပါတယ်။ ပြီးတော့ ကျွန်တော်တို့နိုင်ငံရဲ့ မိုဘိုင်းဖုန််း ထိုးဖောက်ဝင်ရောက်မှုက ကမ္ဘာပေါ်မှာ နံပတ် ၃ လောက် ရှိတယ်။ အကုန်လုံးက Smart Phone ပေါ်မှာပဲ။ ပြီးတော့ အခု လူငယ်တွေကလည်း နည်းပညာအပေါ်မှာလည်း စူးစမ်းကျတယ်၊ ပိုက်ဆံလည်း ပိုပြီး စုချင်လာကြတယ်ဆိုတော့ နယ်က လူငယ်တွေနဲ့ မြို့ကြီးတွေက လူငယ်တွေ ပိုပြီး ပါ၀င်လာမယ်လို့ ထင်ပါ တယ်” ဟု AYA Trust Securities ၏ အကြီးတန်း ဒုတိယဥက္ကဌဖြစ်သူ Ricky Oo ခေါ် ဦးဖုန်းသက်ဦးက မဇ္စျိမကို ပြောသည်။

ထို့အပြင် Securities ကုမ္ပဏီများအနေနှင့် အွန်လိုင်းရှယ်ယာအရောင်းအဝယ်စနစ်နှင့်ပတ်သတ်၍ ရန်ကုန်စတော့အိတ်ချိ်န်း (YSX) နှင့် ပူးပေါင်းကာ ရန်ကုန်ပြင်ပဒေသများအထိ သွားရောက်ကာ ပြည်သူများသို့ အသိပညာပေးသွားမည်ဖြစ်ကြောင်း Rick Oo ခေါ် ဦးဖုန်းသက်ဦးက ဆက်လက်ပြောဆိုသည်။

“နယ်တွေအထိ်ပါ သိရှိလုပ်ကိုင်နိုင်အောင် ကွင်းဆင်းဆောင်ရွက်သွားဖို့ ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ နိုင်ငံက လူဦးရေ သန်းပေါင်း ၅၅ သန်းလောက်ရှိတော့ အကုန်လုံးကို ရောက်ဖို့တော့ မလွယ်ဘူးပေါ့နော်။ ချင်းပြည်တို့၊ ကချင်ပြည် နယ်တို့ဆိုရင် ရောက်ဖို့ ခက်ခဲပါတယ်၊ အဲတော့ အခု YSX နဲ့ တွဲပြီးတော့ နိုင်ငံရဲ့ စီးပွားရေးအတွက် အဓိကကျတဲ့ မြို့ကြီး တွေဆီ သွားပြီး အသိပညာပေးသွားဖို့ ရှိနေပါတယ်”

လက်ရှိ ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီများအဖြစ် ပထမမြန်မာရင်းနှီးမြှုပ်နှံမှုကုမ္ပဏီလီမိတက် (FMI) ၊ မြန်မာသီလဝါအထူးစီးပွားရေးဇုန်ဟိုးဒင်းလီမိတက် (MTSH) ၊ မြန်မာနိုင်ငံသားများဘဏ် (MCB) နှင့် ပထမပုဂ္ဂလိကဘဏ် (FPB) တို့က ရှယ်ယာအရောင်းအဝယ်ပြုလုပ်လျက်ရှိပြီး လာမည့် ၂၀၁၈ ဇန်နဝါရီလအတွင်းမှာ TMH Telecom အများပိုင်ကုမ္ပဏီက ရှယ်ယာများကို အရောင်းအဝယ် ပြုလုပ်သွားဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly