လက်နက်အားကိုးသူများသည် လက်နက်စွန့်ရာမှာ ခက်ခဲမှု ရှိနိုင်သည်ဟု ဒေါ်အောင်ဆန်းစုကြည် ဆို

လက်နက်အားကိုးသူများသည် လက်နက်စွန့်ရာမှာ ခက်ခဲမှု ရှိနိုင်သည်ဟု ဒေါ်အောင်ဆန်းစုကြည် ဆို
ဓာတ်ပုံ - Myanmar State Counsellor Office

 

ရန်ကုန် ၊ ဒီဇင်ဘာ ၂၉ ။                ။ လက်နက်ကို ကြာကြာအားကိုးတတ်သည့် သူများသည် လက်နက်များကို စွန့်လွှတ်ရာမှာ အခက်အခဲ အနည်းငယ် ရှိနိုင်သည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်   ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

ယနေ့ ဒီဇင်ဘာ ၂၉ ရက်နေ့ ၌ ကယားပြည်နယ် လွိုင်ကော်မြို့တွင် ကျင်းပသည့် "နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒေသခံလူငယ်များ၏ စကားဝိုင်း" တွင် ဒေါ်အောင်ဆန်းစုကြည်က   ပြောဆိုခဲ့ခြင်း ဖြစ်သည်။

"လက်နက်ကို ကြာကြာအားကိုးတဲ့သူတွေက လက်နက်ကို စွန့်လွှတ်ရမှာတော့ နည်းနည်းခက်ခဲမှုရှိမယ်လို့ ထင်တယ်။ ဘာလို့ဆို ဒီဟာက အလေ့အကျင့်တစ်ခုလို ဖြစ်သွားပြီးတော့ လက်နက်ဟာ အင်အားလို့ ထင်သွားတတ်ကြတယ်။ လက်နက်ကို တစ်ခါမှ မကိုင်ဘဲ ရုန်းကန်ခဲ့ရတဲ့သူတွေက လက်နက်ဆိုတာ အင်အားလို့ မယုံကြည်ကြဘူး။ စိတ်ဓါတ်ဟာ အင်အားလို့ ယုံကြည်တယ်။ စိတ်ဓါတ်မှန်ကန်မှ ကိုယ်လုပ်တဲ့အလုပ်တွေက မှန်ကန်မယ်လို့ ယုံကြည်တယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

အဆိုပါ စကားဝိုင်းတွင် "ပြောင်းလဲချိန်တန်ပြီဆိုတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေရော ပြောင်းလဲချိန် မတန်သေးဘူးလား လို့ မေးပါရစေ" ဟု ဒေါ်အောင်ဆန်းစုကြည်အား ကယားပြည်နယ်ရှိ လူငယ်တစ်ဦး ဖြစ်သည့် မာရီယိုက  မေးမြန်းခဲ့ခြင်း ဖြစ်သည်။

ဒေသခံလူငယ်များနှင့် ငြိမ်းချမ်းရေး စကားဝိုင်းကို ကယားပြည်နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသား လူငယ်များ ဖြစ်သည့် မော်သျှားရယ် ၊ အဲလစ်ထွန်း၊ မာရီယို ၊ မနှင်းနုဝေ ၊ စိုးရာဇာဝင်း ၊ မို့မို့ထင်ဇော်မွန် ၊  ဖရားရယ်ရီးလို ၊ အော်လေးဗီးယာ တို့က ပါ၀င်ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

ယခု ကျင်းပသည့် ငြိမ်းချမ်းရေး စကားဝိုင်းသည် ၅ ကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ယခင်က တိုင်းရင်းသားလူမျိုးများ ၊ စီးပွားရေးလုပ်ငန်းရှင်များ ၊ ကျေးလက်နေပြည်သူများ ၊ အမျိုးသမီးများနှင့် နေပြည်တော်တွင် နှစ်ကြိမ် ၊ ရှင်းပြည်နယ် ပင်လုံမြို့တွင် တစ်ကြိမ် ၊ ၀မ်းတွင်းမြို့နယ် မြေတိုင်ကန်ကျေးရွာတွင် တစ်ကြိမ် ပြုလုပ်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly