တရုတ် စက်ရုံကုန်ထုတ်လုပ်မှု ၆နှစ်ကျော်ကာလအတွင်း အနိမ့်ဆုံးသို့ ကျဆင်း

တရုတ် စက်ရုံကုန်ထုတ်လုပ်မှု ၆နှစ်ကျော်ကာလအတွင်း အနိမ့်ဆုံးသို့ ကျဆင်း

ပေကျင်း၊ သြဂုတ် - ၂၁ ။        ။ ကမ္ဘာ့ဒုတိယ စီးပွားရေးအင်အားအကြီးမားဆုံး တရုတ်နိုင်ငံတွင် စက်ရုံကုန်ထုတ်လုပ်မှုမှာ ၆နှစ်တာကာလအတွင်း အမြန်ဆုံးနှုန်းဖြင့် ကျုံ့ဝင်သွားနေသည်ဟု ဘီဘီစီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ PMI ဟုခေါ်သည့် ပုဂ္ဂလိက ကုန်ထုတ်လုပ်မှု ဝယ်လိုအားညွှန်းကိန်းမှာ ဇူလိုင်လက ၄၇.၈ရှိခဲ့ရာမှ သြဂုတ်လတွင် ၄၇.၁သို့ ကျဆင်းသွားခဲ့သည်။

ဤညွှန်းကိန်းတွင် အမှတ်၅၀အောက်ရောက်သွားပါက သက်ဆိုင်ရာကဏ္ဍတွင် ကျုံ့ဝင်သည်ဟု ယူဆပြီး အမှတ်၅၀အထက် တစ်မှတ်တက်လာလျှင်လည်း ကြီးထွားသည်ဟု ယူပါသည်။ ပြည်တွင်းပြည်ပ ဝယ်လိုအား လုံးပါးပါးနေချိန်တွင် သြဂုတ်လ ၂၁ရက်နေ့ အချက်အလက်များအရ ကမ္ဘာနှင့်အဝန်းတွင် တရုတ်စီးပွားရေးမှာ ဆက်လက်ကျဆင်းရန် ဦးတည်နေသည်ဟူသော စိုးရိမ်စိတ်များ ထွက်ပေါ်လာခဲ့ သည်။   

သြဂုတ်လ ၂၁ရက်နေ့ အချက်အလက်များအရ တရုတ် စက်ရုံကုန်ထုတ်စွမ်းအားမှာ ကမ္ဘာနှင့်အဝန်း စီးပွားရေးအကျပ်အတည်း သည်းသန်နေခဲ့သည့် ၂၀၀၉ခုနှစ် မတ်လနောက်ပိုင်းတွင် အနိမ့်ဆုံးဖြစ်ပြီး၊ ညွှန်းကိန်း အမှတ်၅၀အောက်သို့ ၆လဆက်တိုက် နိမ့်ဆင်းသွားခဲ့ခြင်းပင်ဖြစ်သည်။

သြဂုတ်လအစောပိုင်းက ထုတ်ပြန်ခဲ့သည့် စီးပွားရေးဖွံ့ဖြိုးမှု တရားဝင်အချက်အလက်များအရ ပြီးခဲ့သည့် ၃လပတ်ကာလတွင် ထပ်မံကျဆင်းသွားခဲ့ပြီး တရုတ်စီးပွားရေးမှာ ၂၀၀၉ခုနှစ်နောက်ပိုင်းတွင် အနိမ့်ဆုံး ၇ရာခိုင်နှုန်းသာ ပြန့်ကားကြီးထွားနေခဲ့သောကြောင့် ၁၅နှစ်တာအတွင်း ပထမဆုံးအကြိမ်အဖြစ် နှစ်စဉ်ဖွံ့ဖြိုးမှုရည်မှန်းချက် ၇.၅ရာခိုင်နှုန်းနှင့် လွဲချော်သွားခဲ့ရသည်။  

CMC ဈေးကွက်ကုမ္ပဏီမှ ဈေးကွက်ကျွမ်းကျင်သူ နစ်ကိုလတ် တီရိုကမူ တရုတ်၏ ကျရိပ်ပြနေသည့်စီးပွားရေးက ကမ္ဘာနှင့်အဝန်း စီးပွားရေးနာလံထရန် မျှော်လင့်ချက်များကို ပျက်ပြားသွားစေနိုင်သည်ဟု သတိပေးခဲ့သည်။

‘မျက်မှောက်ခေတ်တရုတ်ပြည်ဟာ ကမ္ဘာကြီးရဲ့ စက်ရုံမျှသာမဟုတ်တော့ဘူး။ ကမ္ဘာကြီးရဲ့ ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေကို အရေးပါတဲ့ စားသုံးသူလည်းဖြစ်နေပြီ။ ကုမ္ပဏီတွေ၊ စက်ရုံတွေတော်တော် များများဟာတရုတ်စားသုံးသူတွေအပေါ် မှီခိုနေရပေမယ့်လည်း အခု တရုတ်စားသုံးသူတွေဟာ ဝယ်လိုအားကျဆင်းနေပြီ။ တရုတ်ကြီးနှာချေနေပြီဆိုရင် တစ်ကမ္ဘာလုံး အအေးမိမှာပဲ’’ဟု ၎င်းကပြောကြားခဲ့ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly