ဖာဂူဆန်ရဲ့ ပရီးမီးယားလိဂ် ပွဲ ၈၁၀ စံချိန်ကို လိုက်မီသွားတဲ့ အာစင်ဝင်းဂါး

ဖာဂူဆန်ရဲ့ ပရီးမီးယားလိဂ် ပွဲ ၈၁၀ စံချိန်ကို လိုက်မီသွားတဲ့ အာစင်ဝင်းဂါး

အင်္ဂလန်၊ ဒီဇင်ဘာ ၂၉

အာဆင်နယ်အသင်းက ပဲလေ့စ်အသင်းကို အဝေးကွင်းမှာ ၂-၃ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးဟာ မန်ယူဂန္ထဝင်နည်းပြကြီးဖာဂူဆန်ရဲ့ ပရီးမီးယားလိဂ်ပွဲ ၈၁၀ စံချိန်ကို လိုက်မီသွားခဲ့ပါတယ်။

အဲ့ဒီပွဲစဉ်မှာ အာဆင်နယ်အသင်းအတွက် ဂိုးတွေကို ဆန်းချက်ဇ်က ၂ ဂိုး၊ မူစတာဖီက ၁ ဂိုးသွင်းယူပေးခဲ့ပါတယ်။

အာစင်ဝင်းဂါးဟာ အာဆင်နယ်အသင်းကို ၁၉၉၆ ခုနှစ်က စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး အခုဆိုရင်  ၂၁ နှစ်ထဲကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ဒီ ၂၁ နှစ်အတွင်းမှာ ပရီးမီးယားလိဂ်ပွဲပေါင်း ၈၁၀ မှာ အာစင်ဝင်းဂါးဟာ ၄၆၈ ပွဲနိုင်၊ ၁၉၇ ပွဲသရေကျပြီး ၁၄၅ ပွဲ ရှုံးနိမ့်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်ချန်ပီယံဆု ၃ ကြိမ်သာ ရခဲ့ပြီး တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို ၃ ကြိမ်ရခဲ့ပါတယ်။ တစ်လတာအကောင်းဆုံးနည်းပြဆုကိုတော့ ၁၅ ကြိမ် ရရှိခဲ့ပါတယ်။

အာစင်ဝင်းဂါးဟာ ဖာဂူဆန်ရဲ့ ပရီးမီးယားလိဂ်ပွဲစံချိန်ကို လိုက်မီနိုင်ခဲ့ပေမယ့် အောင်မြင်မှုမှာတော့ ဖာဂူဆန်ကို လုံးဝမယှဉ်နိုင်တာ တွေ့ရပါတယ်။ ဖာဂူဆန်ဟာ ပွဲပေါင်း ၈၁၀ မှာ ၅၂၈ ပွဲနိုင်၊ ၁၆၈ ပွဲ သရေကျပြီး ၁၁၄ ပွဲ ရှုံးနိမ့်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ၁၃ ကြိမ်ရခဲ့ပြီး တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို ၁၁ ကြိမ်ရခဲ့ပါတယ်။ တစ်လတာအကောင်းဆုံးနည်းပြဆုကိုတော့ ၂၇ ကြိမ်ရခဲ့ပါတယ်။

တကယ်တော့ ဖာဂူဆန်ဟာ အာစင်ဝင်းဂါးထက် လိဂ်ပွဲပေါင်း ၂၂၅ ပွဲ ပိုမိုနည်းပြထားပါသေးတယ်။ ဒါပေမဲ့ အဲ့ဒီလိဂ်ပွဲ ၂၂၅ ပွဲက ၁၉၉၂ ခုနှစ်က ပရီးမီးယားလိဂ်လို့နာမည်မပြောင်းခင် အင်္ဂလန်လိဂ်-၁ ပွဲစဉ်တွေ ဖြစ်ပါတယ်။

ရည်ညွှန်း အီးအက်စ်ပီအန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly