၂၀၁၈ ခုနှစ် မတ်လတွင် အထွေထွေရွေးကောက်ပွဲကျင်းပရန် အီတလီစီစဉ်

၂၀၁၈ ခုနှစ် မတ်လတွင် အထွေထွေရွေးကောက်ပွဲကျင်းပရန် အီတလီစီစဉ်

 

ရောမ၊ ဒီဇင်ဘာ ၂၉ ။          ။ အီတလီနိုင်ငံတွင် လာမည့် ၂၀၁၈ ခုနှစ် မတ်လ ၄ ရက်နေ့၌ အထွေထွေရွေးကောက်ပွဲကျင်းပသွားမည်ဟု ဗဟိုလက်ဝဲအစိုးရအဖွဲ့၏ ၀န်ကြီးချုပ်ဖြစ်သူ ပါအိုလိုဂျန်တီလိုနီက ကြာသာပတေးနေ့၌ ပြောခဲ့သည်။

သမ္မတဆာဂျီယိုမတ်တာရီလာက လက်ရှိပါလီမန်ကို ဖျက်သိမ်းမည်ဟု ကြေညာခဲ့အပြီး နာရီပိုင်းအကြာတွင် ၀န်ကြီးများကောင်စီက အထွေထွေရွေးကောက်ပွဲကျင်းပမည့်ရက်ကို ယခုလိုထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ကြာသာပတေးနေ့အစောပိုင်းက အထွေထွေရွေးကောက်ပွဲကျင်းပပေးရန် တောင်းဆိုမှုများမြင့်တက်လာခဲ့ပြီး နောက် ၀န်ကြီးချုပ်က သူ၏ဒီမိုကရက်တစ်ပါတီအနေဖြင့် အကျိုးများသော အစိုးရသက်တမ်း ၅ နှစ်ကာလကို အပြုသဘောဆောင်သော သုံးသပ်ချက်များဖြင့် ချဉ်းကပ်သွားမည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောဆိုခဲ့သည်။

ဂျန်တီလိုနီသည် လွန်ခဲ့သော ၂၀၁၆ ဒီဇင်ဘာလက သူ၏မိတ်ဆွေဖြစ်သည့် ဒီမိုကရက်တစ်ဦးဖြစ်သူ မက်တီယိုရန်ဇီ ရာထူးမှနှုတ်ထွက်အပြီးတွင် ၀န်ကြီးချုပ်ဖြစ်လာခဲ့ခြင်းဖြစ်သည်။

ဒီမိုကရက်တစ်ပါတီအစိုးရအဖွဲ့သည် ဒုတိယကမ္ဘာစစ်ပြီးကတည်းက အဆိုးရွားဆုံးပဋိပက္ခများနှင့် ရင်ဆိုင်ခဲ့ရ သော အီတလီနိုင်ငံ၏စီးပွားရေး နိုးထလာနိုင်စေရန်အတွက် ကြိုးပမ်းနိုင်ခဲ့သည်ဟု ဂျန်တီလိုနီက ဆိုခဲ့သည်။

နောက်ဆုံးထွက်ရှိလာသော လူထုစစ်တမ်းများအရ အီတလီနိုင်ငံ၏ ဗဟိုလက်ယာပါတီများသည် လာမည့် အထွေထွေရွေးကောက်ပွဲ၌ ဒီမိုကရက်တစ်ပါတီနှင့် အခြားသောပါတီများထက် မဲအရေအတွက် ပိုမိုရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly