ပေးလာသော စာရွက်စာတမ်းများ ဖတ်မကြည့်ရသေးခင် ရိုက်တာ သတင်းထောက်၂ ဦး ရုတ်တရက်ဖမ်းဆီးခံရခြင်းဟုဆို

ပေးလာသော စာရွက်စာတမ်းများ ဖတ်မကြည့်ရသေးခင် ရိုက်တာ သတင်းထောက်၂ ဦး ရုတ်တရက်ဖမ်းဆီးခံရခြင်းဟုဆို
ဓာတ်ပုံ - သက်ကို

 

ရန်ကုန်၊ဒီဇင်ဘာ ၂၈ရက် ။              ။ သတင်းထောက် ၂ ဦး ဖမ်းဆီးခံခဲ့ရချိန်တွင် ရဲတပ်ဖွဲ့ဝင်များကပေးသော စာရွက်စာတမ်းများကို ဖွင့်မကြည့်ရသေးဘဲ ရုတ်တရက် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း မိသားစုဝင်များက ဒီဇင်ဘာလ ၂၈ ရက်တွင် ပြောသည်။

 ဒီဇင်ဘာလ ၂၈ ရက်၊ MJN ရုံးခန်းတွင် သတင်းထောက် ၂ ဦး ဖမ်းဆီးခံရသော အခြေအနေနှင့် ပတ်သက်၍ မိသားစုဝင်များသတင််းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး ယင်းသို့ ပြောခဲ့ခြင်း ဖြစ်သည်။

ရိုက်တာသတင်းထောက် ကိုဝလုံးနှင့်ကိုမိုးအောင်သည် ရဲတပ်ဖွဲ့ဝင်များက ဆက်သွယ်လာသဖြင့် သတင်းရယူရန် စားသောက်ဆိုင်တွင် ချိန်းဆိုခဲ့ခြင်းဖြစ်ပြီး စားသောက်ဆိုင်မှအထွက်တွင် ရုတ်တရက် အဖမ်းခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

 “အစားအသောက်တွေ မှာနေတဲ့အချိန်မှာ ရဲနှစ်ယောက်က သူတို့လက်ထဲကို စာလိပ် ၂ လိပ်ထည့်လိုက်တယ်။    ဖွင့်ကြည့်မယ်လို့လုပ်တဲ့အချိန်မှာ သူတို့က ဖွင့်မကြည့်ပါနဲ့ ။ အိမ်ကိုပဲယူသွားလိုက်။ အိမ်ရောက်မှပဲ ဖွင့်ကြည့်တော့လို့ပြောတယ်။ ဝလုံးတို့က အဲဒီစာလိပ်ထဲမှာ ဘာတွေရှိနေလဲဆိုတာ သူတို့လုံးဝမသိဘူး” ဟု ကိုဝလုံး၏ဇနီး မပန်းအိမွန်က ပြောသည်။

ထိုသို့ စာရွက်စာတမ်းများကို ပေးပြီး ရဲတပ်ဖွဲ့ဝင်နှစ်ဦးက စားသောက်ဆိုင်မှ အရင်ထွက်ခွာသွားခဲ့ပြီး ထိုနောက် သတင်းထောက် ၂ ဦးက ပိုက်ဆံရှင်းကာ ဆိုင်မှအထွက်တွင် အခြားရဲ ၈ဦးခန့်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ကိုဝလုံး၏ဇနီးက ဆက်ပြောသည်။

ကိုဝလုံးမှ သတင်းကိစ္စအင်တာဗျူးရန် အဆိုပါရဲတပ်ဖွဲ့ဝင် ၂ ဦးအား တစ်ကြိမ်ဆက်သွယ်ခဲ့ဖူးကြောင်း၊ သို့သော် လူချင်းရင်းနှီးမှု မရှိကြောင်း သိရသည်။
 
ရန်ကုန်အခြေစိုက် ရိုက်တာသတင်းဌာနမှ ကိုဝလုံး (ခ) သက်ဦးမောင်နဲ့ ကိုကျော်စိုးဦး (ခ)   မိုးအောင်တို့၂ ဦးအား ရခိုင်ပြည်နယ်၊ မောင်တော-ဘူးသီးတောင်ဒေသ၌ လုံခြံုရေးတာဝန်များ ထမ်းဆောင်ခဲ့ပြီး ရန်ကုန်မြို့တွင် ပြန်လည်အနားပေး စုဖွဲ့လျက်ရှိသည့် လုံခြံုရေးရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များအား ချဉ်းကပ်စည်းရုံး ဆက်သွယ်ပြီး ရခိုင်ဒေသနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ၊ တပ်ဖွဲ့နှင့် သက်ဆိုင်သည့် အရေးကြီးလုံခြံုရေး စာရွက်စာတမ်း အထောက်အထားများကို ပြည်ပသတင်းဌာနများသို့ ပေးပို့ရန် ရည်ရွယ်ချက်ဖြင့် တရားမဝင် သတင်းရယူခဲ့သည်ဟု    ဆိုပြီး မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃ ဖြင့်ဒီဇင်ဘာ ၁၂ ရက်က ဖမ်းဆီးထားလိုက်ခြင်း ဖြစ်သည်။

ထိုသို့ ဖမ်းဆီးထားပြီး ၁၅ ရက်အကြာတွင်  မင်္ဂလာဒုံမြို့နယ် တရားရုံး၌ ဒီဇင်ဘာ ၂၇ ရက် မနက်ပိုင်းတွင် ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့သည်။

လာမည့် ၂၀၁၈ ခုနှစ် ဇန်နဝါရီ် ၁၀ရက်တွင်  ရုံးချိန်း ထပ်မံဆင့်ခေါ်ထားသည်ဟု ဖမ်းဆီးခံ ရိုက်တာ သတင်းထောက်နှစ်ဦး၏ အကျိုးဆောင်ရှေ့နေ ဦးသန်းဇော်အောင်က ပြောသည်။

မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃ အရ အမြင့်ဆုံး ထောင်ဒဏ် ၁၄ နှစ်အထိ ပြစ်ဒဏ် ချမှတ်နိုင်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly