ရခိုင်မြောက်ပိုင်းဒေသမှာ အမျိုးသမီးအသက်မွေးဝမ်းကျောင်းသင်တန်းကို အခမဲ့ပို့ချနေ

ရခိုင်မြောက်ပိုင်းဒေသမှာ အမျိုးသမီးအသက်မွေးဝမ်းကျောင်းသင်တန်းကို အခမဲ့ပို့ချနေ

 

မောင်တော၊ ဒီဇင်ဘာ ၂၈ ရက်။              ။ ရခိုင်မြောက်ပိုင်းဒေသ မောင်တောမြို့နယ်တွင် အမျိုးသမီးအသက်မွေးဝမ်း ကျောင်း အထောက်အကူပြုသင်တန်းကို ဒီဇင်ဘာလ ၂၇ ရက်နေ့မှ စတင်ကာ အခမဲ့ပို့ချလျက်ရှိကြောင်း မြို့နယ် ကျေးလက်ဦးစီးဌာနမှ သိရသည်။

ကျေးလက်ဦးစီးဌာနက ဦးစီးပြီး ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေးနှင့် အလုပ်ကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးအတွက် ရည်ရွယ်ပြီး သင်ကြားပေးခြင်းဖြစ်သည်ဟု ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းအောင်က ပြောသည်။

“ကျွန်တော်တို့ ကျေးလက်ဦးစီးဌာနက ကျေးလက်နေပြည်တွေရဲ့ လူမှုစီးပွားဘဝမြင့်မားရေးအတွက် ရည်ရွယ်ချက်နဲ့ပါ။ အလုပ်ကိုင်အခွင့်လမ်းတွေ ဖန်းတီးပေးနိုင်ဖို့အတွက် ကျွန်တော်တို့က အဆောင်ငှားပြီး သင်တန်းပေးထားတာဖြစ်ပါတယ်။” ဟု လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းအောင်က ပြောသည်။

မောင်တောနယ်တခွင်မှ လာရောက်သင်ကြားသည့် သင်တန်းသူများကို သင်တန်းပို့ချနေချိန်အတွင်း နေထိုင်ရန် အဆောင်စရိတ်နှင့် စားစရိတ်တို့ကိုပါ မောင်တောမြို့နယ် ကျေးလက်ဦးစီးဌာနမှ အကုန်ကျခံ ပေးနေကြောင်း သိရသည်။

သင်တန်းကာလမှာ ရက် ၂၀ ဖြစ်ပြီး ပန်းထိုး၊ အိတ်ထိုး၊ ဇာထိုးနှင့် ဖိနပ်ထိုးစသည့် လက်မှုပညာရပ်များကို စိတ်ဝင် စားသည့် မောင်တော တစ်မြို့နယ်လုံးမှ အမျိုးသမီးသင်တန်းသူဦးရေ ၂၀ ကို ပို့ချနေခြင်းလည်း ဖြစ်သည်။

ယင်းသင်တန်းအပြီးတွင် အနီးအနားကျေးရွာများမှ အမျိုးသားများအတွက်လည်း ဆိုင်ကယ်စက်ပြင် သင်တန်း ဖွင့်လှစ်ရန်ရှိပြီး ၎င်းပညာရပ်များကိုုတတ်ကျွမ်းလျှင် ကျေးလက်ဦးစီးဌာနမှ စီစဉ်ထားသည့် မြစိမ်းရောင်စီမံကိန်းမှ ငွေချေးယူကာ ရင်းနှီးမြှပ်နှံမှုပြုလုပ်နိုင်သည်ဟု ကျေးလက်ဦးစီးဌာနမှ သိရသည်။

“ဒီသင်တန်းပြီးရင်တော့ အမျိုးသားတွေအတွက်ကတော့ ဆိုင်ကယ်စက်ပြင် သင်တန်းဖွင့်ဖို့ရှိပါသေးတယ်။ အနီးအနားက ကျေးရွာတွေ စုပေါင်းပြီးတော့ တစ်နေရာမှာ ဖွင့်မယ်။ ဆိုင်တွေဖွင့်ပေးမယ့် အစီစဉ်တော့ မရှိပါဘူး။ သင်တန်း ဖွင့်တာလောက်ပါပဲ။ မြစိမ်းရောင်စီမံကိန်းက ချေးပြီးလုပ်လို့ရတယ်။”ဟု ဦးသိန်းအောင် က ပြောသည်။

ယင်းမြစိမ်းရောင်ကျေးရွာစီမံကိန်းသည် စီးပွားရေးလုပ်ငန်းများ လုပ်ရာတွင် ရင်းနှီးမြုပ်နှံရန် မောင်တော မြို့နယ်မှ ကျေး ရွာတစ်ရွာစီကို ငွေကျပ်သိန်း ၃၀၀ ချေးပေးပြီး ယင်းသင်တန်းသူ၊ သင်တန်းသားများ သည်လည်း စီးပွားရေးလုပ်ရန် ငွေချေးယူ၍ ရယူနိုင်သည်ဟု သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly