အလုပ်ရှင် အလုပ်သမားတို့၏ တူညီဆန္ဒမွန်ဖြင့်

အလုပ်ရှင် အလုပ်သမားတို့၏ တူညီဆန္ဒမွန်ဖြင့်

မြန်မာနိုင်ငံရှိ အလုပ်သမားများအတွက် ၂၀၁၃ ခုနှစ် အနည်းဆုံးအခကြေးငွေ ဥပဒေအရ အနည်း ဆုံးအခကြေးငွေနှုန်းထား သတ်မှတ်နိုင်ရန် ၂၉ - ၆ - ၂၀၁၅ ရက်၌ အဆိုပြု အနည်းဆုံး အခကြေးငွေ ထုတ် ပြန်ကြေညာချက်ကို နိုင်ငံတော်က ထုတ်ပြန်ခဲ့သဖြင့် သြဂုတ်လကုန်ပိုင်းတွင် ရက် ၆၀ ပြည့်တော့မည်။

ဥပဒေအရ ယင်း အဆိုပြု အနည်းဆုံးအခကြေးငွေနှုန်းထားသည် ရက် ၆၀ အတွင်း ကန့်ကွက်ချက်၊ သို့မဟုတ် ပြင်ဆင်ရန် အဆိုပြုချက်များကို အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင် ကိုယ်စားလှယ် များနှင့် စိစစ်ပြီးပြည်ထောင်စု အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် သတ်မှတ်ပေးတော့ မည်ဖြစ်သည်။
    
အနည်းဆုံးအခကြေးငွေ နှုန်းထားသတ်မှတ်နိုင်ရန် ဆောင်ရွက်မှုခရီးက အတန်ငယ်ရှည်လျားသည်။ သြဂုတ် ၅ ရက် MRTV-4 သတင်း၌ နိုင်ငံတော်က အဆိုပြုကြေညာထားသည့် တစ်နာရီကျပ် ၄၅၀ နှုန်းဖြင့် အလုပ်ချိန် ၈ နာရီ (တစ်ရက်)အတွက် ကျပ် ၃၆၀၀ ကို အလုပ်ရှင်အများစုကသဘောတူညီကြောင်း၊ ရန်ကုန်မှ အလုပ်သမားအဖွဲ့ သုံးဖွဲ့ က ကျပ် ၄၀၀၀ တောင်းဆိုနေကြဆဲ ဖြစ်ကြောင်းနှင့် စက်ရုံအများစုက အနည်းဆုံးအခကြေးငွေ လခအပြင်၊ ကားခ၊ အဆောင်ကြေး၊ လုပ်သက်ဆုကြေး စသည့်ကိစ္စများကိုလည်း ထည့်သွင်းဆွေးနွေးကြောင်း ဖော်ပြပါရှိသည်။

အဆိုပြုနှုန်းထားကျပ် ၃၆၀၀ ကို အများစုက သဘောထားကြီးစွာလက်ခံကြောင်း ကြားသိရသဖြင့် စာရေးသူ ဝမ်းသာရပါသည်။ သို့ရာတွင် အချိန်ပိုလုပ်ခကို သာမန်အလုပ်ချိန် လုပ်အားခထက်နှစ်ဆ အစားလျှော့ပေးရန် တင်ပြတောင်းဆိုမှုများ ရှိကြောင်းလည်း ကြားရသည်။

အနည်းဆုံးအခကြေးငွေနှုန်းထားနှင့်ပတ်သက်၍ မြန်မာ့အလင်းသတင်းစာတွင် ဆောင်းပါးရှင်  ဦးအေးချမ်းက “အနိမ့်ဆုံးအခကြေးငွေ နှုန်းထားသတ်မှတ်ဖို့ အချိန်သင့်ပြီလား”၊ ဆောင်းပါးရှင် စကားဝါက “အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ဖို့ လွယ်မယောင်နှင့် ခက်နေတာလား”၊ ဆောင်းပါးရှင် ရဲဘုန်းမြင့်က “အနည်းဆုံး လုပ်ခနှုန်းထားပြဿနာ ဘယ်လိုဖြေရှင်းကြမလဲ” စသည်ဖြင့် ဥရောပနိုင်ငံများ အပါအဝင်နိုင်ငံ အချို့၏ စာရင်းဇယားများကို တင်ပြ၍ အနိမ့်ဆုံးလုပ်ခ သတ်မှတ်သည်ကို ပြန်လည် စဉ်းစားပေးရေး တင်ပြ သကဲ့သို့ လုပ်ငန်းရှင်များ၏ အထွေထွေကုန်ကျစရိတ်များ လျော့ကျအောင် ဖန်တီးပေးနိုင်မှသာ အလုပ် သမားများအတွက် လုပ်ခတိုးမြှင့်ပေးနိုင်မည့် အခွင့်အလမ်းများ ရနိုင်မည်ဖြစ်ကြောင်း ရေးသားတင်ပြမှုများ လည်း ရှိသည်။ ယင်းသို့ အနည်းဆုံးအခကြေးငွေ တိုးပေးပါက ကုန်ဈေးနှုန်း မြင့်တက်လာမည်ဟုလည်း ဆိုပြန်သည်။
    
လုပ်ခလစာတိုးတိုင်း ကုန်ဈေးနှုန်း တက်သည်ကတော့ အမှန်ပင်။ ကန်စွန်းရွက်တစ်စီး ကျပ် ၃၀၀ ဖြစ်နေပြီ။ အနည်းဆုံးအခကြေးငွေ မသတ်မှတ်ရသေးသည့်တိုင် ကုန်ဈေးနှုန်းကတော့ တက်မြဲ။ သို့ဆိုလျှင် အနည်းဆုံးအခကြေးငွေ သတ်မှတ်ခြင်းနှင့် ကုန်ဈေးနှုန်းတက်ခြင်းသည် တိုက်ရိုက်အချိုးမကျဟု ဆိုရမည်။

နောက်တစ်ခုက အနည်းဆုံးအခကြေးငွေ သတ်မှတ်ရန်သင့်သည့်အချိန်မှာ ဆယ်စုနှစ် သုံးကြိမ်နီးပါး ပင် ရောက်ရှိခဲ့ပြီ။ ၁၉၈၈ ခုနှစ် မြန်မာနိုင်ငံ၏ စီးပွားရေးတံခါးဖွင့်မှုနှင့်အတူ ပြည်ပအရင်းအနှီး အများအပြား ဝင်ရောက်ခဲ့သည်။ ယင်းသို့ ဝင်ရောက်စဉ် မြန်မာနိုင်ငံ၏ လုပ်သားအင်အားပေါများမှု၊ လုပ်ခသက်သာမှုများ အပေါ် မူတည်၍ အထည်ချုပ်လုပ်ငန်း(CMP) အများအပြား ဝင်ရောက်ခဲ့သည်။

ထိုအချိန်မှစ၍ အထည်ချုပ်လုပ်ငန်းများတွင် အလုပ်ရှင်၊ အလုပ်သမားများ၏ လုပ်ခဆိုင်ရာ အငြင်း ပွားမှု ပြဿနာများက အနမတဂ္ဂပင်။ ထိုအချိန်က ၁၉၄၉ ခုနှစ် အနည်းဆုံးအခကြေးငွေ အက်ဥပဒေအရ အထည်ချုပ်လုပ်သားများအတွက် အနည်းဆုံးအခကြေးငွေအမိန့် ထုတ်ပြန်သတ်မှတ်နိုင်သော်လည်း ဆောင်ရွက်နိုင်မှု မရှိသဖြင့် အလုပ်ရှင် အလုပ်သမားပြဿနာများက တစ်စထက်တစ်စ များပြားလာခြင်းဖြစ် သည်။

ယခု နိုင်ငံတော်က ဆောင်ရွက်ပေးမည့် အဆိုပြု အနည်းဆုံး အခကြေးငွေနှုန်းထား သတ်မှတ်ပြီး ပါက အလုပ်ရှင်နှင့်အလုပ်သမားကြား လုပ်ခဆိုင်ရာပြဿနာများ လျော့နည်းသွားမည် ဖြစ်သည်။

အထက်ဖော်ပြပါ ဆောင်းပါးရှင်အချို့၏ တင်ပြချက်တွင် အလုပ်ရှင်များ၏ ပိတ်စနှင့် ပစ္စည်းများ သယ်ယူတင်ပို့မှု ကုန်ကျစရိတ်၊ ရုံးလုပ်ငန်းစရိတ်၊ နိုင်ငံတွင်းသယ်ပို့စရိတ်၊ တင်ချစရိတ်၊ လျှပ်စစ်စွမ်းအား စရိတ်၊ လောင်စာဆီစရိတ်များ များပြားနေသဖြင့် ယင်းစရိတ်များလျော့ကျအောင် ပထမစဉ်းစားပြီးမှသာ အလုပ်သမားများ လုပ်ခတိုးပေးနိုင်မည့် အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်ကြောင်းနှင့် ယင်းသို့ မဖြစ်မနေ သုံးစွဲရမည့် ကုန်ကျစရိတ်များ သုံးစွဲပြီးမှသာ ကျန်ငွေကို အလုပ်သမားအား ရှင်းပေးနိုင်ခြင်း ဖြစ်ကြောင်း ရေးသားတင်ပြမှုများ တွေ့ရသည်။

ယင်းကိစ္စများမှာ အလုပ်ရှင်က တာဝန်ယူ ဖြေရှင်းဆောင်ရွက်ရမည့် ကိစ္စများသာ ဖြစ်သည်။ ယင်း ကိစ္စနှင့်ပတ်သက်၍ စာရေးသူ၏ မိတ်ဆွေတစ်ဦးနှင့် ဆွေးနွေးကြစဉ် သူ ပြောသော စကားလေးမှာ မှတ်သားစရာ။ သူက- “အဲ့ဒီလို အလုပ်ရှင်တွေက သူတို့လုပ်ငန်းမှာ ကုန်ကျစရိတ်တွေရှိတိုင်း အလုပ်သမားလုပ်ခကို လျှော့ရမယ်ဆိုရင် အလုပ်သမားအိတ်ထဲ ကတောင်ပြန်စိုက်ပေး ရမလိုဖြစ်နေ ပြီပေါ့ဗျာ” ဟူ၍။

အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ရေး ဆောင်ရွက်မှုလမ်းကြောင်းတွင် ယင်းတို့ လုပ်ငန်း ဆောင်ရွက်မှု အခက်အခဲများအဖြစ် မြေနှင့်အဆောက်အအုံ ငှားရမ်းစရိတ်ကြီးမြင့်မှုများ၊ လျှပ်စစ်မီးရရှိရေး အခက်အခဲများ၊ လောင်စာဆီပြဿနာ၊ ကုန်ပစ္စည်း သင်္ဘောအတင်အချ အခက်အခဲများ၊ ဟိုကြေး၊ သည်ကြေး ပေးရသည့်ကိစ္စတင်ပြမှုများ တွေ့ရ ကြားရသည်။

ယင်းကိစ္စများမှာ အလုပ်ရှင်များအတွက် အမှန်တကယ် နစ်နာမှုများ ရှိသည်ဆိုပါက နိုင်ငံတော်သို့ တိုက်ရိုက်တင်ပြ တောင်းဆို၍ အဖြေရှာသင့်သည်။ အလုပ်သမားများအပေါ် ဝန်ထုတ်ဝန်ပိုးအဖြစ် ကျရောက်စေခြင်းငှာ မသင့်။ တနည်းအားဖြင့် အလုပ်ရှင်၏ ကုန်ကျစရိတ်နှင့် အလုပ်သမားရရှိရမည့် လုပ်ခသည် တိုက်ရိုက်အချိုးချ၍ ဆောင်ရွက်သင့်သည့် ကိစ္စများလည်း မဟုတ်။

မိမိ၏ကာယအား၊ ဉာဏအားကို အရင်းတည်၍ ရရှိသောလုပ်ခဖြင့် အသက်မွေးဝမ်းကျောင်းမှု ပြုရသော အလုပ်သမားအတွက် ထိုက်တန်သော လုပ်ခပေးရေးမှာ အလုပ်ရှင်၏ တာဝန်သာ ဖြစ်သည်။
    
ထို့ကြောင့်လည်း လုပ်အားနှင့် လျော်ညီစွာ ထိုက်သင့်သော အနိမ့်ဆုံးလုပ်ခလစာများ ခံစားရရှိနိုင် ရေးအတွက် ကမ္ဘာ့နိုင်ငံပေါင်း ၉၀ ရာခိုင်နှုန်းကျော်တွင် အနည်းဆုံးလုပ်ခလစာ သတ်မှတ်ဆောင်ရွက် လျက် ရှိသည်။ အာဆီယံ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာစစ်တမ်း (ASEAN Investment Report 2013-2014) တွင် ဖော်ပြ ထားချက်များအရ အာဆီယံ အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံ၏ လစဉ် အနည်းဆုံး လုပ်ခ လစာမှာ အမေရိကန်ဒေါ်လာ ၁၂၅ (ကမ္ဘောဒီးယားအစိုးရသည် အထည်ချုပ် အလုပ်သမားများ၏ အနည်းဆုံး လုပ်ခလစာကို ၁၂၈ ဒေါ်လာသို့ တိုးမြှင့်ပေးခဲ့သည်။)

ဗီယက်နမ် နိုင်ငံတွင် အနည်းဆုံး လုပ်ခလစာမှာ အမေရိကန်ဒေါ်လာ ပျှမ်းမျှ ၁၃၀၊ မြန်မာနိုင်ငံတွင် မူ အနိမ့်ဆုံးလုပ်ခလစာမှာ အမေရိကန်ဒေါ်လာ ၃၂ ဒေါ်လာနှင့် ပျမ်းမျှ ၄၆ ဒေါ်လာ ရရှိကြောင်းဖော်ပြ ထားသည်။ မြန်မာ့ဖွံ့ဖြိုးတိုးတက်မှုနှင့် အရင်းအမြစ် အဖွဲ့အစည်းမှ ရရှိသော အချက်အလက်များအရ ထိုင်းနိုင်ငံတွင် အလုပ်သမားတစ်ဦး၏ တစ်ရက်လုပ်ခမှာ ၁၀ ဒေါ်လာ၊ အင်ဒိုနီးရှားနိုင်ငံတွင်မူ အနိမ့်ဆုံး လုပ်ခလစာ မှာ တစ်လလျှင် ၁၁၅ မှ ၁၂၈ ဒေါ်လာရှိကြောင်း ဖော်ပြထားသည်။

အထက်ပါစာရင်းဇယားများအရ အာဆီယံဒေသအတွင်း မြန်မာနိုင်ငံ၏ အနည်းဆုံး အခကြေးငွေ နှုန်းထားမှာ နိမ့်ကျနေဆဲဖြစ်ကြောင်း တွေ့ရှိရပေမည်။

နိုင်ငံတော်က ယခုသြဂုတ်လတွင် သတ်မှတ်မည့် အနည်းဆုံးအခကြေးငွေနှုန်းထားမှာ ဥပဒေအရ အကျုံးဝင်လုပ်ငန်းများအတွက် တစ်နိုင်ငံလုံး အတိုင်းအတာရ အနိမ့်ဆုံးလုပ်ခ သတ်မှတ်ချက်တစ်ရပ် သာဖြစ်၍ ပြောင်းလဲလာသော အခြေအနေများနှင့်အညီ နှစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ် ပြင်ဆင်သတ်မှတ်နိုင် ခြင်း၊ ဥပဒေအရ သတ်မှတ်အနည်းဆုံးအခကြေးငွေထက် အလုပ်ရှင်က ပိုပေးသည့် အခကြေးငွေကို ခံစား ခွင့်ရှိခြင်း၊ ဥပဒေအာဏာမတည်မီက သတ်မှတ်နှုန်းထားထက် ပိုမိုရရှိသော အခကြေးငွေကို ခံစားခွင့်ရှိခြင်း၊ ဒေသအလိုက်သော်လည်းကောင်း၊ လုပ်ငန်းအလိုက်သော် လည်းကောင်း၊ အနည်းဆုံး အခကြေးငွေအမိန့် များ ထုတ်ပြန်ရေး ဆောင်ရွက်နိုင်ခြင်းတို့ကြောင့် အလုပ်ရှင်နှင့် အလုပ်သမားအကြား ပွင့်လင်းမြင်သာစွာ  ညှိနှိုင်းပြင်ဆင်နိုင်သည့် အမိန့်တစ်ရပ် အဖြစ်မြင် ရန်လည်း လိုသည်။

သို့မှသာနိုင်ငံတော်က သတ်မှတ်ပြောင်းလဲထုတ်ပြန်မည့် အနည်းဆုံး အခကြေးငွေအမိန့်အပေါ် အလုပ်ရှင်ရော အလုပ်သမားပါ ယင်းအမိန့်ပါ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းဖြင့် အလုပ်ရှင်နှင့် အလုပ်သမားအကြား ကောင်းမွန်သော လုပ်ငန်းခွင်ဆက်ဆံရေးကို ဖော်ဆောင်နိုင်မည်ဖြစ်၍ အေးချမ်းသာယာပြီး လုပ်ငန်းခွင်အတွင်း နိုင်ငံ့ကုန်ထုတ်တိုးတက်ရေးကို အတူတကွ လက်တွဲဆောင်ရွက် သွားနိုင်ကြမည် ဖြစ်ပါကြောင်း။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags