တအာင်းဥပဒေအထောက်အကူအဖွဲ့၏ တာဝန်ခံ မိုင်းမျိုးအောင် ဖမ်းဆီးခံရပြီး ရိုက်နှက်စစ်မေးမှုများရှိဟု ဆို

တအာင်းဥပဒေအထောက်အကူအဖွဲ့၏ တာဝန်ခံ မိုင်းမျိုးအောင် ဖမ်းဆီးခံရပြီး ရိုက်နှက်စစ်မေးမှုများရှိဟု ဆို

 

ဒီဇင်ဘာလ ၂၈ ရက်၊၂၀၁၇ ခုနှစ်။ ချင်းမိုင်(မဇ္ဈိမ)။              ။ ရှမ်းပြည်နယ် လားရှိူးမြို့မှ တအာင်း ဥပဒေအထောက်အကူပြုအဖွဲ့ (Ta ang Legal Aid) မှ တာဝန်ခံ မိုင်းမျိုးအောင်ကို မူခင်းလိုက်ရဲများက မသင်္ကာမှုဖြင့် ဖမ်းဆီးခဲ့ပြီး ရိုက်နှက်ညှဉ်းပမ်းစစ်ဆေးမှုများ ရှိသည်ဟု တအာင်းဥပဒေ အထောက်အကူပြုအဖွဲ့မှ ကော်မတီဝင် မိုင်းရှိန်ထွန်းက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၁ ရက်နေ့က ရှမ်းပြည်နယ် မူဆယ်မြို့ ကောင်းမူတုန်ရပ်ကွက်ရှိ လောင်းကစားရုံ လုံခြံုရေး ပြည်သူ့စစ်နှင့် သေနတ်ကိုင်ဆောင်သူ တရားခံတို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားရာမှ ပြည်သူ့စစ် ၁ ဦး ဒဏ်ရာ ရရှိပြီး ၁ ဦး သေဆုံးသွားသည့်အမှုနှင့် ပတ်သက်၍ မိုင်းမျိုးအောင်ကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

“သူ့ကို စစ်ဆေးတဲ့အခါမှာ ခြေထောက်နဲ့ လည်း ကန်တယ်။ သေနတ်နဲ့လည်း ရိုက်တယ်ပေါ့နော်။ စစ်ဆေးတဲ့ အခါမှာ ရိုက်နှက်ခံရတယ်လို့ ပြောတယ်။ သူ့ အမျိုးသမီးသွားတွေ့တဲ့အချိန်မှာလည်း ကျွန်တော်တို့ ဥပဒေ အထောက်အကူပြုအဖွဲ့တွေ သွားတွေ့တဲ့အချိန်မှာရော သူ့ မျက်နှာတွေက ညိုမဲနေတယ်ပေါ့နော်။ သူ ကို်ယ်တိုင် လည်း ပြောတယ်။ စစ်ဆေးမေးမြန်းတဲ့ အချိန်မှာ ညှင်းပန်းနှိပ်စက်ခံရတယ်ဆိုတဲ့အကြောင်း ပြောပြတယ် ပေါ့”ဟု မိုင်းရှိန်ထွန်းက ပြောသည်။

ထို့ပြင် ဒီဇင်ဘာလ ၂၄ ရက်နေ့က မူဆယ် ၁၀၅ တွင် လက်နက်ကြီး ကျ၍ ကလေးငယ်များ သေဆုံးခဲ့မှုနှင့် ပတ်သက်၍လည်း သူ့အား စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု တအာင်းဥပဒေ အထောက်အကူပြုအဖွဲ့မှ ကော်မတီဝင် မိုင်းရှိန်ထွန်းက ဆိုသည်။

“၂၁ ရက်နေ့ ၁၀ နာရီဝန်းကျင်လောက်မှာ အခင်းဖြစ်တာ။ မိုင်းမျိုးအောင်ကိုတော့ ၁၂ နာရီခွဲလောက်မှာ ဖမ်းတယ်။ သူတို့ကတော့ CCTV မှာ တရားခံအနေနဲ့ သူ့ကားနံပါတ်ကို   တွေ့တယ်လို့ ပြောပြီးတော့မှ အဲဒီကားနံပါတ် လိုက်တဲ့ အခါကြတော့ သူ(မိုင်းမျိုးအောင်)က မူဆယ်မြို့ထဲမှာ သူ့အလုပ်ကိစ္စသွားရင်းနဲ့ ပိုက်ဆံသွားထုတ်ဖို့ သွားတဲ့အချိန်မှာ မူဆယ်မြို့ထဲ ဆေးရုံကုန်းအဆင်းမှာ ဖမ်းခံရတာ”ဟု မိုင်းရှိန်ထွန်းက ပြောသည်။

လတ်တလော မိုင်းမျိုးအောင်အား စွပ်စွဲထားသည့် အမှုအခြေအနေ အသေးစိတ်ကို မသိရသေးသော်လည်း လွတ်မြောက်ရေးနှင့် အမှုမှန်ဖော်ထုတ်ရန်အတွက် ရှေ့နေများ တိုင်ပင် ဆွေးနွေးနေပြီ ဖြစ်ကြောင်း သူက ပြောသည်။

မိုင်းမျိုးအောင် အပါအဝင် ၃ ဦးတို့ကို လူသတ်မှုဖြစ်ပွားမှုနှင့် ပတ်သက်၍ ဖမ်းဆီးထားပြီး သူတို့ကို သူတို့ ၃ ဦး ကို ပုဒ်မ ၃၀၂၊၂၀၇၊ ၄၂၉ ၊ ၁၁၄ တို့ဖြင့် တရားစွဲဆိုထားသည်ဟု မူဆယ်မြို့မ ရဲစခန်းမှ ဒုရဲအုပ် အေးမြင့်က ပြောသည်။

“အဲဒီနေ့က လူသတ်မှု သေနတ်ဖြစ်စဉ် ဖြစ်ပွားမှုမှာ ပထမဦးဆုံး သူတို့ ၈ နာရီခွဲလောက်မှာ မိုင်းမျိုးအောင်ရယ်၊ မိုင်ကျော်ဟိန်းရယ်၊ အအုတ်ရယ်တို့ ကားအနက်နဲ့ လာတယ်။ လာပြီးတော့ အဲဒီမှာ အပေါင်ဆိုင်ရှေ့မှာ အဆောက်အအုံ လုံခြံုရေးနဲ့ စကားများတယ်။ တစ်ယောက်နဲ့တစ်ယောက်ထိုးလားရှိတယ်။ အဲဒါပြီးတော့ သူတို့ ပြန်သွားတယ်။ ပြန်သွားပြီးတော့ ပြန်လာပြီး မိုင်းကျော်ဟိန်းတို့အဖွဲ့နဲ့ တစ်ခါ သေနတ်ထုတ်ပြီး ပစ်တယ်။ အဲဒါမှာ တစ်ယောက်သေတယ်။ တစ်ယောက် ဒဏ်ရာရတယ်”ဟု မူဆယ်မြို့မ ရဲစခန်းမှ ဒုရဲအုပ် အေးမြင့်က မဇ္စျိမကို ပြောသည်။ 

တရားခံများဟု စွတ်စွဲထားသော မိုင်းမျိုးအောင် အပါအဝင် ၃ ဦးထဲမှ လက်ရှိ မိုင်းမျိုးအောင် တယောက်ထဲသာ ဖမ်းဆီးခံထားရပြီး အခြား ၂ ဦးမှာ ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း ဒုရဲမှူး အေးမြင့်က ပြောခဲ့ပြီး ၎င်းကို ရိုက်နှက်စစ်မေးမှု မရှိဟု ဆိုသည်။

“စဖမ်းတုန်းက တစ်ယောက်ပဲ ဖမ်းမိတယ်။ နှိပ်စက်တာတွေ မရှိပါဘူး။ ကျွန်တော်တို့ ရဲမှာ မရှိပါဘူး။ ကျွန်တော် တို့ ရဲက ထုံးစံအတိုင်း ရိုက်နက်စစ်ဆေးခြင်း မရှိတော့ပါဘူးခင်ဗျ။ ဟိုနှစ်ယောက်က တစ်ယောက်က လားရှိူးက ၊ တစ်ယောက်က နမ့်ဆန်ကပါ။ သူတို့ နှစ်ယောက်က စုံစမ်းဆဲပါ။ ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး” မူဆယ်မြို့မ ရဲစခန်းမှ ဒုရဲအုပ် အေးမြင့်က ပြောသည်။ 

ဒီဇင်ဘာလ ၂၇ ရက်နေ့က တအာင်း ဥပဒေအထောက်အကူပြုအဖွဲ့ (Ta ang Legal Aid )မှ ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး “ မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနမှ ဒီဇင်ဘာလ ၂၂ ရက်နေ့က မိုင်မျိုးအောင်ကို ပြစ်မှုကျူးလွန်သူ ၂ ဦးထဲမှ တစ်ဦး ဖမ်းဆီးရမိပြီး ရာဇသတ်ကြီး ပုဒ်မ ၃၀၁ နှင့် ၃၀၇ တို့ဖြင့် စစ်ဆေးအရေးယူမည်ဟု ထုတ်ပြန်ထားသော် လည်း စစ်ဆေးမေးမြန်းသည့် ကာလဖြစ်သည်ဟု ရဲက အကြောင်းပြုကာ ယနေ့ထိ တိုင်ချက်ကို ကြည့်ခွင့် မပေးသည့် အပြင် မည်သည့် ပြစ်မှုဖြင့် စွပ်စွဲထားကြောင်းကို အသေအချာ မသိရသေးဘဲ မိုင်းမျိုးအောင်ကို တရားခံကဲ့သို့ ခြိမ်းခြောက် ရိုက်နှက်ညှင်းပန်း စစ်ဆေးပြီး အတင်း ဝန်ခံခိုင်းခြင်းလည်း ရှိနေသည်” ဟု ၄င်း၏အဖွဲ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မိုင်းမျိုးအောင်ကို မူဆယ်မြို့မ ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး လာမည့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၃ ရက် နေ့ တွင် ရမန်ထပ်ယူရန်နှင့် ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ရုံးထုတ်စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။

မိုင်းမျိုးအောင်သည် မန္တလေး-ရတနာပုံသက္ကသိုလ်မှ B.A(L.L.B_ ဘွဲ့ရပြီး ရှေ့နေလိုင်စင်ကိုင်ဆောင်ထားသော ရှေ့နေ တစ်ဦးဖြစ်ပြီး တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့အစည်းမှ ပြောရေးဆိုခွင့် ရှိသူအဖြစ် ပါဝင်လုပ်ဆောင်ခဲ့သူ တစ်ဦးဖြစ်ကာ ၂၀၁၇ ခုနှစ်က တအာင်း ဥပဒေအထောက် အကူပြုအဖွဲ့ကို ဖွဲ့စည်း၍ ဥပဒေအရ ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးလည်း ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly