ဒရုန်းသမားတွေကို စွဲထားတဲ့အမှုတွေ ရုပ်သိမ်းကြောင်း အပြီးသတ် အမိန့်ချမှတ်

ဒရုန်းသမားတွေကို စွဲထားတဲ့အမှုတွေ ရုပ်သိမ်းကြောင်း အပြီးသတ် အမိန့်ချမှတ်
ဘာသာပြန် ကိုအောင်နိုင်စိုးနှင့် ယာဉ်မောင်း ဦးလှတင်တို့နှစ်ဦးအား ရုံးထုတ်တစ်ခုတွင် မြင်တွေ့ရစဉ် (ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဒီဇင်ဘာ ၂၈ရက်၊ ၂၀၁၇ခုနှစ်)။ ။ နေပြည်တော်လွှတ်တော်ကို ဒရုန်းနဲ့ရိုက်ကူးဖို့ ကြိုးပမ်းစဉ် ဖမ်းဆီးခံရသူ လေးဦးကို စွဲဆိုထားသည့်အမှုများအပေါ် ပြန်လည်ရုပ်သိမ်းကြောင်း ဇဗ္ဗူသီရိမြို့နယ်တရားရုံးက ဒီဇင်ဘာ ၂၈ရက်တွင် အပြီးသတ်အမိန့် ချမှတ်လိုက်သည်။

၎င်းတို့လေးဦးစလုံးကို စွဲဆိုထားသည့် ပို့ကုန်၊ သွင်းကုန်ဥပဒေ ပုဒ်မ(၈)အပါအဝင် နိုင်ငံခြားသားနှစ်ဦးကို စွဲထားသည့် လဝကဥပဒေ ပုဒ်မ ၁၃(၁)အမှုကိုလည်း တရားလိုအစိုးရဘက်က လျှောက်ထားချက်အရ အမှုများကို ရုပ်သိမ်းလိုက်သည်ဟု တရားရုံးက အပြီးသတ်အမိန့် ချမှတ်ခဲ့ခြင်းဖြစ်သည်။

သို့သော် ဒရုန်းအပါအဝင် သိမ်းဆည်းထားသော ဖုန်း၊ လက်တော့ပ် စသည့်ပစ္စည်းတစ်ချို့ကိုမူ နိုင်ငံပိုင်အဖြစ် သိမ်းဆည်းလိုက်ကြောင်း တရားရုံးက အမိန့်ချမှတ်ခဲ့သည်။

“ဒါကတော့ ဥပဒေ နည်းနည်းလွဲချော်နေတယ်လို့ ယူဆတယ်။ ဘာလို့လည်းဆိုတော့ လူတစ်ယောက်ကို အပြီးအပြတ်လွတ်တာ သို့မဟုတ်ရင်လည်းပဲ အမှုကို ပိတ်သိမ်းလိုက်တယ်ဆိုရင် ဒီလူအပေါ်မှာ စွပ်စွဲထားတဲ့အမှု မရှိတော့ဘူး။ အဲ့ဒါဆိုရင် အဲ့ဒီ စွပ်စွဲထားတဲ့အမှုနဲ့ ပတ်သက်လို့ သိမ်းထားတဲ့ပစ္စည်းတွေကို အကုန်ပြန်ပြီးတော့ ပေးရတယ်” ဟု တရားစွဲခံရသူများဘက်က အမှုလိုက်ပေးသည့် ရှေ့နေကြီး ဦးခင်မောင်ဇော်က ပြောသည်။

ထို့ကြောင့် သိမ်းဆည်းထားသည့် ပစ္စည်းများကို နိုင်ငံပိုင်အဖြစ် သိမ်းဆည်းကြောင်း အမိန့်ချမှတ်မှုအပေါ် တစ်လအတွင်း အယူခံဆက်တက်သွားမည်ဟု ဦးခင်မောင်ဇော်က ဆိုသည်။

တူရကီနိုင်ငံ အခြေစိုက် စင်ကာပူရုံးခွဲ TRT သတင်းဌာနမှ မလေးရှားနိုင်ငံသူ MOK CHOY LIN၊ စင်ကာပူနိုင်ငံသား LAU HON MENG တို့နှင့်အတူ မြန်မာနိုင်ငံသား စကားပြန် ကိုအောင်နိုင်စိုးနှင့် ယာဉ်မောင်း ဦးလှတင်တို့ စုစုပေါင်း (၄)ဦးသည် လွှတ်တော်အနီး ဒရုန်းယာဉ်ပျံသန်းရန်ကြိုးပမ်းစဉ် အောက်တိုဘာ ၂၇ရက်နေ့က အဖမ်းခံခဲ့ရသည်။

လက်ရှိတွင်မူ ၎င်းတို့ ရင်ဆိုင်နေရသည့် အမှု ၂မှုကို ရုပ်သိမ်းကြောင်း တရားရုံးက အမိန့်ချမှတ်လိုက်သော်လည်း ၎င်းတို့လေးဦးစလုံးကို မြန်မာနိုင်ငံလေယာဉ်အက်ဥပဒေဖြင့် ကနဦးချမှတ်ထားသော ထောင်ဒဏ် ၂လပြည့်သည့် ဇန်နဝါရီ ၅ရက်မှသာ ပြန်လည် လွတ်မြောက်မည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags