စစ်တွေကမ်းနားမြို့သစ်စီမံကိန်းမှ ရရှိဝင်ငွေများကို ရခိုင်ပြည်နယ်ဖွံဖြိုးရေးအတွက် သုံးစွဲမည်

.

စစ်တွေကမ်းနား မြို့သစ်စီမံကိန်းအား တွေ့ရစဉ်

 

 

ရန်ကုန်၊ ဒီဇင်ဘာ ၂၈ ။               ။ ရခိုင်ပြည်နယ်စစ်တွေမြို့တွင် ပြည်နယ်အစိုးရနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စစ်တွေကမ်းနား မြို့သစ်စီမံကိန်းမှ ရရှိသောဝင်ငွေများကို ရခိုင်ပြည်နယ်ဖွံဖြိုးရေးအတွက် သုံးစွဲသွားမည်ဟုဆို ရခိုင်ပြည်နယ် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ပြည်နယ်ဝန်ကြီး ဦးအောင်ကျော်ဇံက ပြောဆိုလိုက် သည်။

ယနေ့ (ဒီဇင်ဘာ ၂၈ ရက်) တွင် ရခိုင်ပြည်နယ်အစိုးရနှင့် ကိုရီးယားနိုင်ငံ အခြေစိုက် BXT International Co.Ltd .,တို့ အကျိုးတူ ပူးပေါင်း ဖော်ဆောင်နေသော ဧက ၉၀ ရှိ Sittwe Waterfront Project စီမံကိန်း မိတ်ဆက်ပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

အမေရိကန်ဒေါ်လာ ၉.၅ သန်းကျော် ၊ ဒေါ်လာ ၁၀ သန်းနီးပါး ကုန်ကျမည့် အဆိုပါ စီမံကိန်းကို ပြည်နယ်အစိုးရ မှ ၃၀ ရာခိုင်နူန်း၊ BXT International Co.Ltd ., မှ ၇၀ ရာခိုင်နူန်းဖြင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ကြခြင်း ဖြစ်ကြောင်း သိရသည်။

“ ဘဏ္ဍာရေးဝန်ကြီးနဲ့ပဲ ညှိကြရမှာဖြစ်ပါတယ်။ ပြည်နယ်ရဲ့ဖွံဖြိုးရေးထဲတော့ ၀င်သွားမှာပဲ။ ဘယ်လိုပုံစံမျိုး သုံးမလဲဆိုတာ ငွေရေး၊ ကြေးရေးဆိုင်ရာ စရင်းဖွဲ့စည်းပုံကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်လည်း နားမလည်ဘူး။ ၀င်တာတော့ ၀င်လာမှာပဲ။ မြေကြီးအနေနဲ့ ၀င်မလား၊ ငွေအနေနဲ့ ၀င်မလားဆိုတာတော့ ဘဏ္ဍာရေးဝန်ကြီးနဲ့ညှိကြရမှာ” ဟု ပြည်နယ်ဝန်ကြီး ဦးအောင်ကျော်ဇံက ပြောသည်။

စီမံကိန်းအကျယ်အ၀န်းမှာ စစ်တွေမြို့ကမ်းနားတစ်လျှောက် ဧက ၉၀ ခန့်ရှိမည်ဖြစ်ပြီး မြို့သစ်စီမံကိန်း အနေဖြင့် မြေယာသီးသန့်ကို အိမ်ခြံမြေ ရောင်း၊ ၀ယ်၊ ငှား ၀က်ဆိုက်ဖြစ်သော iMyanmarHouse.com မှ ရောင်းချပေးသွားမည်ဖြစ်ပြီး ယခင် သမ္မတဦးသိန်းစိန်လက်ထက်က သဘောတူညီထားခဲ့ကြခြင်းဖြစ်ကြောင်း လည်း သိရသည်။

“ ဧက ၉၀ နီးပါးရှိတဲ့ စီမံကိန်း ဖြစ်ပါတယ်။ ဒီစီမံကိန်းဟာ MIC မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကလည်း ဖြစ်တဲ့အတွက်ကြောင့်မို့လို့ စတင်ဖော်ဆောင်နေတာ ၅၀ ရာခိုင်နူန်းလောက်ထိ ပြီးသွားပါပြီ “ ဟု iMyanmar House.com မှ မန်နေးဂျင်းဒါရိုက်တာ ဦးနေမင်းသူက ပြောသည်။

မြေယာသီးသန့်ရောင်းချပေးမည့် အဆိုပါစီမံကိန်းတွင် စုပေါင်းအိမ်ရာ၊ လက်လီလက္ကားဈေးကွက်၊ အလယ် အလတ်အမြင့်ရှိသော ကွန်ဒိုမီနီယံများ၊ ဂိုဒေါင်နှင့် ကုန်သွယ်မှုစီးပွားရေးဇုံ၊ စက်ရုံများ၊ အပန်းဖြေနေရာများ ပါဝင်မည်ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။

စီမံကိန်းမြေကွက်များကို ၂၀၁၈ ခုနှစ် ဇန်န၀ါရီ ၆ နှင့် ၇ ရက်တို့တွင် ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်နှင့် စစ်တွေမြို့တို့တွင် စတင်ရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။